၁.၇.၂၀၂၅
Translated by Htwe Ko Tun
ထိုင်းနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ဝန်ကြီးချုပ်ပေတုံတန်ကို ပေါက်ကြားလာခဲ့တဲ့ ကမ္ဘောဒီးယားခေါင်းဆောင်ဟောင်း ဟွန်ဆန်နဲ့ ဖုန်းပြောခဲ့မှုဖိုင်မှာ ပြောခဲ့တဲ့အချက်တွေအပေါ် တရားရုံးဆုံးဖြတ်မှု ပြုနေစဉ်အတောအတွင်းဝန်ကြီးချုပ်ရာထူးမှ ခေတ္တဆိုင်းငံ့ထားဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ဇူလိုင်လ ၁ ရက်မှာ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။ ပေတုံတန်အနေနဲ့ အစိုးရအဖွဲ့မှာ ပူးတွဲတာဝန်ယူထားတဲ့ ယဉ်ကျေးမှုဝန်ကြီးအနေနဲ့တော့ ဆက်လက်တည်ရှိနေမှာဖြစ်ပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးရဲ့ တရားသူကြီး ကိုးဦးက အထက်လွှတ်တော်အမတ် ၃၆ ဦး တင်သွင်းလာခဲ့တဲ့လျှောက်လွှာကို တစ်ညီတစ်ညွတ်တည်းလက်ခံခဲ့ကြတာဖြစ်ပါတယ်။ ဝန်ကြီးချုပ်ကို ရာထူးမှ ဆိုင်းငံ့ထားဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကို အထက်လွှတ်တော်ဥက္ကဋ္ဌ မူန်းကိုးလ် ဆူရာဆတ်ဂျာက ပေးပို့ခဲ့တာပါ။
အဲဒီနောက်မှာတော့ ခုံရုံးတရားသူကြီးတွေက ပေတုံတန်ကို ရာထူးမှဆိုင်းငံ့ထားဖို့ ခုနစ်မဲ-နှစ်မဲနဲ့ ဆုံးဖြတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သူက အစိုးရအဖွဲ့မှာ ယဉ်ကျေးမှုဝန်ကြီးအနေနဲ့တော့ ဆက်လက်ပါဝင်နေမှာဖြစ်ပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကို စာတင်သွင်းခဲ့တဲ့ အထက်လွှတ်တော်အမတ်တွေက နိုင်ငံရဲ့အချုပ်အခြာအာဏာကို ထိခိုက်အောင်ဆောင်ရွက်တယ်လို့စွပ်စွဲပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ ပေတုံတန်ကို ဝန်ကြီးချုပ် ရာထူးမှ ဖယ်ရှားဖို့ တောင်းဆိုခဲ့ကြတာပါ။ ဟွန်ဆန်နဲ့ဖုန်းပြောရာမှာ အမှတ် (၂) စစ်ဒေသတပ်မှူးကို ပေတုံတန်က ပြိုင်ဘက်တစ်ယောက်အနေနဲ့ပြောကြားခဲ့ပါတယ်။
အဆိုပါဖုန်းပြောမှုက နောက်ပိုင်းမှာ လူမှုကွန်ရက်ပေါ် ပေါက်ကြားလာခဲ့တာပါ။ ဒါကြောင့်လည်း ပေတုံတန်မှာ ပြင်းထန်စွာဝေဖန်ခံခဲ့ရပါတယ်။ ကမ္ဘောဒီးယားနဲ့ နယ်စပ်ပြဿနာတင်းမာနေချိန်မှာ ဒီဖုန်းပြောမှုမှာ ကမ္ဘောဒီးယားခေါင်းဆောင်ဟောင်းနဲ့ ပြောကြားခဲ့မှုတွေကြောင့် ပေတုံတန်အဖို့ ကြီးမားစွာ ဆန္ဒပြမှုတွေကိုပါ ကြုံခဲ့ရပါတယ်။
အထက်လွှတ်တော်အမတ်တွေကတော့ သူတို့ရဲ့တင်သွင်းစာမှာ ပေတုံတန်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ အပိုဒ် ၁၇၀(၄) နဲ့ အပိုဒ် ၁၆၀(၄) နဲ့(၅) တို့အရ ဝန်ကြီးချုပ်ရာထူးမှဖယ်ရှားဖို့ တောင်းဆိုထားကြပါတယ်။
ထိုင်းဝန်ကြီးချုပ် ပေတုံတန်ကို တာဝန်က ဆိုင်းငံ့ဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက အမိန့်ချပြီးနောက်မှာတော့ ဒုတိယဝန်ကြီးချုပ်နဲ့ ပို့ဆောင်ရေးဝန်ကြီး Suriya Jungrungreangkit ကို ယာယီဝန်ကြီးချုပ်အဖြစ် ခန့်အပ်လိုက်တယ်လို့ သိရပါတယ်။ Suriya ဟာ ဝန်ကြီးချုပ်ရာထူးနဲ့ ညီမျှတဲ့ အခွင့်အာဏာ အပြည့်အဝ ပိုင်ဆိုင်ထားပြီး ရာထူးခန့်အပ်မှုနဲ့ ဘတ်ဂျက်ဆိုင်ရာ အမိန့်တွေ ထုတ်ပြန်နိုင်မှာဖြစ်တဲ့အပြင် ဇူလိုင် ၃ ရက်မှာ ကျင်းပမယ့် ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားမှာ ထိုင်းအစိုးရအဖွဲ့ကို ကက်ဘိနက်အဖွဲ့သစ်ကို Suriya က ဦးဆောင်ကျင်းပသွားမှာဖြစ်ပါတယ်။ ဒီလုပ်ငန်းစဥ်မှာတော့ အစိုးရအဖွဲ့ ကျမ်းသစ္စာကျိန်ဆိုမယ့်အချိန် ဝန်ကြီးချုပ်က ရာထူးနေရာက ဆိုင်းငံ့ခံထားရတဲ့ဖြစ်စဥ်က ထိုင်းနိုင်ငံသမိုင်းမှာ ပထမဆုံးဖြစ်လို့ နိုင်ငံတော်ကောင်စီရုံးနဲ့ ညှိနှိုင်းလုပ်ဆောင်ရမယ့်အခြေအနေလည်း ဖြစ်ပေါ်နေပါတယ်။
Ref, Nation Thailand
