၁. ၇. ၂၀၂၅
Translated by Thettant
ထင်ရှားကျော်ကြားသော ဆေးပညာဂျာနယ်တစ်ခုတစ်ခုဖြစ်သည့် The Lancet ဂျာနယ်က ထုတ်ပြန်ခဲ့သည့် လေ့လာမှုတစ်ရပ်အရ အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (USAID) အား အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်လက်ထက်တွင် အကြီးအကျယ် ဖြတ်တောက်ခြင်းနှင့် ဖျက်သိမ်းနိုင်ခြေရှိခြင်းတို့သည် ၂၀၃၀ ပြည့်နှစ်အရောက်တွင် နောက်ထပ် လူပေါင်း ၁၄ သန်းခန့် သေဆုံးမှုများ ဖြစ်ပေါ်စေနိုင်သည်ဟု ဖော်ပြထားသည်။
The Lancet ဂျာနယ်တွင် တနင်္လာနေ့က ထုတ်ပြန်ခဲ့သော အဆိုပါအစီရင်ခံစာသည် ၂၀၀၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ဝင်ငွေနည်းနှင့် အလယ်အလတ်ဝင်ငွေရှိသော နိုင်ငံပေါင်း ၁၃၃ နိုင်ငံမှ အချက်အလက်များကို ခွဲခြမ်းစိတ်ဖြာခဲ့ရာ USAID မှ ထောက်ပံ့သော အစီအစဉ်များသည် လွန်ခဲ့သည့် နှစ်နှစ်ဆယ်အတွင်း ကလေးငယ် ၃၀ သန်းအပါအဝင် စုစုပေါင်း လူပေါင်း ၉၁ သန်းကျော် သေဆုံးမှုများကို ကာကွယ်ပေးနိုင်ခဲ့ကြောင်း ခန့်မှန်းထားသည်။ အကယ်၍ ဖြတ်တောက်မှုများ ဆက်လက်ဖြစ်ပေါ်ပါက သုတေသီများက ၂၀၂၅ ခုနှစ် တစ်ခုတည်းတွင်ပင် လူ ၁ ဒသမ ၈ သန်း ပိုမိုသေဆုံးနိုင်ပြီး ၂၀၃၀ ပြည့်နှစ်အရောက်တွင် အသက် ၅ နှစ်အောက် ကလေးငယ် ၄ ဒသမ ၅ သန်းအပါအဝင် စုစုပေါင်း ၁၄ သန်း သေဆုံးနိုင်သည်ဟု ခန့်မှန်းထားသည်။
“အမေရိကန်၏ အကူအညီများ ဖြတ်တောက်ခြင်းသည် အခြားနိုင်ငံတကာ အလှူရှင်များအပေါ် ဖြစ်ပေါ်လာနိုင်သော နောက်ဆက်တွဲ သက်ရောက်မှုများနှင့်အတူ လူသားဖွံ့ဖြိုးတိုးတက်မှုတွင် အရေးအကြီးဆုံး တိုးတက်မှုကာလများထဲမှ တစ်ခုကို ရုတ်တရက် ရပ်တန့်စေပြီး နောက်ပြန်လှည့်စေမည့် အန္တရာယ်ရှိသည်”ဟု The Lancet ဂျာနယ်၏ လေ့လာမှုက ဆိုခဲ့ပြီး “ဤအကျပ်အတည်းသည် တမင်တကာနှင့် ရှောင်လွှဲနိုင်သော မူဝါဒရွေးချယ်မှုမှ ပေါ်ပေါက်လာခြင်းဖြစ်ပြီး၊ ၎င်း၏ဝန်ထုပ်ဝန်ပိုးသည် ကလေးငယ်များနှင့် လူငယ်များအပေါ်တွင် မမျှမတ ကျရောက်မည်ဖြစ်ကာ ၎င်း၏ အကျိုးဆက်များသည် ဆယ်စုနှစ်များစွာအထိ ရိုက်ခတ်နိုင်သည်” ဟုလည်း ထပ်လောင်းဖော်ပြထားသည်။
The Lancet ဂျာနယ်၏ ခွဲခြမ်းစိတ်ဖြာမှုသည် ထရမ့်ပ်က ဇန်နဝါရီ ၂၀ ရက်နေ့တွင် နိုင်ငံခြားရေးအကူအညီ အစီအစဉ်အများစုကို ဆိုင်းငံ့ရန် အမိန့်ထုတ်ပြန်ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။ USAID ကို ဖျက်သိမ်းခြင်းသည် အစိုးရစရိတ်လျှော့ချရေးအတွက် အီလွန်မတ်စ်ကို အစိုးရမြှင့်တင်ရေး စွမ်းဆောင်ရည်ဌာန (DOGE) အား ဦးဆောင်စေရန် ထရမ့်ပ်က ခန့်အပ်ပြီးနောက် အစိုးရ၏ ပထမဆုံး အဓိကလုပ်ဆောင်ချက်များထဲမှ တစ်ခုဖြစ်သည်။ ထိုအချိန်မှစ၍ အေဂျင်စီ၏ ဝန်ထမ်း ၁၀,၀၀၀ ခန့်မှာ အလုပ်မှ ထုတ်ပယ်ခံခဲ့ရသည်။
ထိုဖြတ်တောက်မှုကို နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက အတိတ်က ကျရှုံးမှုများကို ပြင်ဆင်ရန်နှင့် တိုးတက်သော အတွေးအခေါ်များကို ပပျောက်စေရန်အတွက် ဤဖြတ်တောက်မှုများ လိုအပ်ကြောင်း ကာကွယ်ပြောဆိုခဲ့သည်။
၂၀၂၃ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုသည် ကမ္ဘာတစ်ဝန်းရှိ အစိုးရ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရန်ပုံငွေအားလုံး၏ ၄၃ ရာခိုင်နှုန်းကို ပံ့ပိုးပေးခဲ့ပြီး ဆယ်စုနှစ်တစ်ခုအစောပိုင်းက ၃၉ ရာခိုင်နှုန်းမှ မြင့်တက်လာခြင်းဖြစ်သည်။ USAID သည် ၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ဒေါ်လာ ၃၅ ဘီလျံကျော် နိုင်ငံခြားအကူအညီများကို စီမံခန့်ခွဲခဲ့ပြီး ၎င်း၏ လုပ်ငန်းလည်ပတ်မှုဘတ်ဂျက် (လစာနှင့် အထွေထွေကုန်ကျစရိတ်များအပါအဝင်) မှာ ဒေါ်လာ ၂ ဘီလျံခန့် ရှိခဲ့သည်။
USAID ၏ ထောက်ပံ့မှု ပိုမိုရရှိသော နိုင်ငံများတွင် စုစုပေါင်း သေဆုံးမှုနှုန်း ၁၅ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ကလေးသေဆုံးမှုနှုန်း ၃၂ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း လေ့လာမှုက တွေ့ရှိခဲ့သည်။ ရောဂါအလိုက် တိုးတက်မှုများတွင် HIV/AIDS သေဆုံးမှု ၆၅ ရာခိုင်နှုန်း၊ ငှက်ဖျားရောဂါ ၅၁ ရာခိုင်နှုန်းနှင့် ပစ်ပယ်ထားသော အပူပိုင်းဒေသရောဂါများကို ၅၀ ရာခိုင်နှုန်း လျှော့ချနိုင်ခဲ့သည်။
USAID သည် ၎င်း၏ ကျန်းမာရေးဆိုင်ရာ လုပ်ငန်းများကြောင့် လူသိများသော်လည်း ပညာရေး၊ ရေနှင့် မိလ္လာ၊ အာဟာရနှင့် ဆင်းရဲမွဲတေမှု အစီအစဉ်များကိုလည်း ရန်ပုံငွေထောက်ပံ့ပေးသည်။ ဤရင်းနှီးမြှုပ်နှံမှုများသည် ရေရှည်ကျန်းမာရေးဆိုင်ရာ သက်ရောက်မှုများရှိကြောင်း လေ့လာမှုက မှတ်ချက်ပြုထားသည်။ ဥပမာအားဖြင့်၊ သန့်ရှင်းရေး တိုးတက်လာရုံဖြင့် ကလေးသေဆုံးမှုနှုန်းကို ၁၇ ရာခိုင်နှုန်း လျှော့ချနိုင်သည်။
USAID ၏ ဖြတ်တောက်မှုတွင် မြန်မာနိုင်ငံလည်း ပါဝင်ပြီး လေးနှစ်အတွင်း ဒေါ်လာ သန်း ၁၀၀၀ ကျော် လက်လွှတ်ရဖွယ်ရှိနေသည်။ သို့သော် မြန်မာနိုင်ငံသို့ ပေးအပ်သည့် တစ်နှစ် ဒေါ်လာ သန်း ၃၀၀ ခန့် ထောက်ပံ့ငွေများမှာ နိုင်ငံ၊ အစိုးရနှင့် ပြည်သူများထံသို့ တိုက်ရိုက်မရောက်ဘဲ တစ်ဆင့်ခံအဖွဲ့အစည်းများ၏ ကိုယ်ကျိုးစီးပွားနှင့် လက်နက်ကိုင်တိုက်ပွဲများအတွက် နည်းပညာအပါအဝင် ပြည်သူများ အသက်ဆုံးရှုံးစေခြင်းနှင့် စစ်ပွဲဖြစ်ပွားမှုပိုမိုရှည်ကြာနိုင်ခြင်းများကြောင့် ထိုသို့ USAID မှတစ်ဆင့် ထောက်ပံ့ငွေ ရပ်ဆိုင်းသွားခြင်းမှာ ပြည်တွင်းတောက်လောင်နေသော စစ်မီးကို အရှိန်ကျစေသည်ဟု ယူဆမှုရှိသလို ထို ရန်ပုံငွေဖြတ်တောက်ခံရချိန်ကစ အကြမ်းဖက်လက်နက်ကိုင်များ၏ စစ်ဆင်ရေးများ အရှိန်အဟုန်ဖြင့် သိသိသာသာ လျော့ကျသွားခဲ့သည်။
Ref, The Japan Times



