
၁.၇.၂၀၂၅
Written By Thandar
အရည်အချင်းရှိတဲ့ ဝါသနာရှင် သရုပ်ဆောင်တွေကို ရွေးချယ်ပေးဖို့ ရည်ရွယ်တဲ့ “Rising Show with Eaindra Kyaw Zin” သရုပ်ဆောင်ပြိုင်ပွဲမှာ အကယ်ဒမီ အိန္ဒြာကျော်ဇင် ပါဝင်တင်ဆက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
“ကျွန်တော်တို့ရဲ့ လုပ်ဆောင်ချက်အားလုံးက လူငယ်တွေကို ဦးတည်ပါတယ်။ ဒီ Program ကို စလုပ်မယ်လို့ စဉ်းစားတော့ အစ်မ အိန္ဒြာကျော်ဇင်ကိုပဲ ဒီ Show မှာ ပါဝင်စေချင်လို့ အချိန်တော်တော်ကြာ ကမ်းလှမ်းခဲ့တယ်။ ဘာလို့ အစ်မနဲ့ ဒီ Program ကိုလုပ်တာလည်းဆိုရင် သရုပ်ဆောင်အိပ်မက်ရှိသူတိုင်းရဲ့ လေးစားရပြီး အတုယူရတဲ့သူက အိန္ဒြာကျော်ဇင်ပါ။ ဒါကြောင့် အစ်မကို ဒီ Show မှာ ပါဝင်ဖို့အတွက် ကမ်းလှမ်းခဲ့တာပါ။ အစ်မက သရုပ်ဆောင်ရွေးချယ်ပွဲမှာပါဝင်ပြီး သူရဲ့အတွေ့အကြုံတွေကို မျှဝေပြီး ပါဝင်သွားမှာပါ။ သရုပ်ဆောင် ဝါသနာပါတဲ့ သူတွေအတွက် ဒီလိုပြိုင်ပွဲက တကယ့်အခွင့်အရေးတစ်ခုပါ။ တကယ် အနုပညာအလုပ်ကို ရူးသွပ်တယ်ဆိုရင်တော့ လာရောက်လျှောက်ထားဖို့ ပြောချင်ပါတယ်”လို့ Show ဒါရိုက်တာ ဇော်ကိုကိုက ပြောပါတယ်။





ဒီမိတ်ဆက်ပွဲကိုယနေ့ ဇူလိုင်လ ၁ရက်နေ့ နေ့လည် ၁နာရီက ရန်ကုန်မြို့ Wyndham Grand Hotel မှာကျင်းပခဲ့ရာ အနုပညာရှင်တွေဖြစ်တဲ့ အကယ်ဒမီ ဆွေဇင်ထိုက်၊ အကယ်ဒမီ ချိုပြုံး၊ ဒါရိုက်တာမောင်မျိုးမင်း (ရင်တွင်းဖြစ်)၊ ဒါရိုက်တာဇော်ကိုကိုနဲ့ အနုပညာရှင်များစွာ တက်ရောက်ခဲ့ကြပါတယ်။
Tune Tv မှ ရိုက်ကူးတင်ဆက်မယ့် Riding Show with Eaindra Kyaw Zin”သရုပ်ဆောင်ပြိုင်ပွဲ “Reality Show”ပွဲမှာ သရုပ်ဆောင် အကယ်ဒမီ အိန္ဒြာကျော်ဇင်နဲ့အတူ နိုင်ငံကျော် သရုပ်ဆောင်တွေ ဒါရိုက်တာတွေနဲ့ ဂီတပညာရှင်တွေက ပါဝင်မှာဖြစ်ပြီး လူငယ်မျိုးဆက်သစ်အနုပညာရှင်များကို မွေးထုတ်ပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။
“Rising Show with Eaindra Kyaw Zin” သရုပ်ဆောင်ပြိုင်ပွဲအတွက် လျှောက်လွှာတွေကို ဇူလိုင်လတွင်း စတင်လက်ခံသွားမှာဖြစ်ပြီး ဩဂုတ်မှာ စတင်ကာ ပြိုင်ပွဲကို ကျင်းပမှာဖြစ်ပါတယ်။ သုံးလကြာပြုလုပ်သွားမယ့် ‘Rising Show with Eaindra Kyaw Zin” ပြိုင်ပွဲမှာ ဆုရရှိသူကို ဆုငွေသိန်း ၂၀၀ ပေးအပ်ချီးမြှင့်သွားမှာဖြစ်ကြောင်း သိရပါတယ်။

၂၀၂၁ ဖြစ်စဥ်နောက်ပိုင်း ထောင်ကလွတ်ပြီးကတည်းက ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ လင်မယားဟာ ကြော်ငြာ အနည်းငယ်မှအပ အနုပညာလှုပ်ရှားမှု ရပ်ဆိုင်းနေပြီး ဒီနေ့မှာ “Rising Show with Eaindra Kyaw Zin” ပြိုင်ပွဲနဲ့ ပြန်လည် ထွက်ပေါ်လာတာဖြစ်ပေမဲ့ ဒီနေ့မိတ်ဆက်ပွဲကိုလည်း တက်ရောက်လာခြင်းမရှိတာ တွေ့ရပါတယ်။
