သတိုး
၃၀. ၆. ၂၀၂၅
မနေ့က Las Vegas မှာ ကျင်းပခဲ့တဲ့ UFC 317 ပြိုင်ပွဲဟာ ပရိသတ်တွေ စိတ်လှုပ်ရှားဖွယ်ရာ ပွဲစဉ်များစွာနဲ့ ဖျော်ဖြေခဲ့ရုံသာမက ကစားသမားတွေရဲ့ ဝင်ငွေတွေနဲ့ ပတ်သက်လို့လည်း စိတ်ဝင်စားဖွယ်ရာ အချက်အလက်တွေ ထွက်ပေါ်လာခဲ့ပါတယ်။ အထူးသဖြင့်တော့ မြန်မာပရိသတ်တွေဟာ UFC မှာ အဆင့် (၁) Brandon Royval ကို ဖြိုလိုက်ပြီး နိုင်ပွဲဆက်နေတဲ့ Joshua Van ရဲ့ အနိုင်ထိုးသတ်ကြေး ဘယ်လောက်ရှိမလဲ သိချင်ကြတာပါ။
ဒါပေမဲ့လည်း UFC 317 ရဲ့ တိကျတဲ့ဝင်ငွေနဲ့ တက်ရောက်သူဦးရေကို UFC က တရားဝင် ထုတ်ပြန်ကြေညာခြင်း မရှိသေးပါဘူး။ မီဒီယာတွေက ခန့်မှန်းချက်တွေအရတော့ အဆိုပါပွဲကို T-Mobile Arena ကွင်းထဲ ကျင်းပရာမှာ လူ ၁၉,၈၀၀ ခန့် တက်ရောက်အားပေးခဲ့ကြပြီး PPV (Pay-Per-View) ရောင်းချမှုအနေနဲ့ Ilia Topuria ရဲ့ PPV Shares ဝင်ငွေကို အခြေခံလို့ PPV ဝယ်ယူမှု ၉၀၀၀၀၀ ခန့် ရှိခဲ့တယ်လို့ ခန့်မှန်းခဲ့ကြပါတယ်။ PPV တစ်ခုကို ဒေါ်လာ ၇၉ ဒသမ ၉၉ နှုန်းနဲ့ တွက်ချက်မယ်ဆို PPV ဝင်ငွေစုစုပေါင်း ဒေါ်လာ ၇၂ သန်းခန့် ရရှိခဲ့မယ်လို့ ခန့်မှန်းရပါတယ်။ ဒီဝင်ငွေတွေက UFC အတွက်သာမက ပါဝင်ယှဉ်ပြိုင်ကြတဲ့ ကစားသမားတွေအတွက်လည်း ကြီးမားလှတဲ့ ဝင်ငွေလမ်းကြောင်းကြီးပါ။
UFC 317 မှာ Main Card တွဲဆိုင်း ငါးတွဲပါခဲ့ပေမဲ့ လူစိတ်ဝင်စားမှုမြင့်တာကတော့ ခေါင်ပွဲနှစ်ပွဲနဲ့ Joshua Van တို့ပွဲပါ။ ဒီပွဲတွေက ကစားသမားတွေဟာ အခြေခံထိုးသတ်ကြေး၊ အနိုင်ရရှိမှု ဘောနပ်စ်၊ Performance of the Night နဲ့ Fight of the Night ဆုကြေးတွေ PPV ဝင်ငွေခွဲဝေမှု (PPV Shares) တို့ကို ရရှိခဲ့ကြတာပါ။
ဒီအထဲမှာ အမြင့်ဆုံး ဆုရသူက Ilia Topuria ပါ။ သူဟာ ပထမအချီမှာ Charles Oliveira ကို အလဲထိုးနဲ့ အနိုင်ရရှိပြီး UFC lightweight ခါးပတ်ကို ဆွတ်ခူးခဲ့သလို ဝင်ငွေအများဆုံးရရှိသူ ဖြစ်လာခဲ့ရာမှာ သူ့အခြေခံထိုးသတ်ကြေးက ဒေါ်လာ ၇၅၀၀၀၀ ပါ။ Performance of the Night ဘောနပ်စ်က ဒေါ်လာ ၅၀၀၀၀ ပါ။ PPV ဝယ်ယူမှု ၉၀၀၀၀၀ ပေါ်မူတည်တွက်ချက်တဲ့ PPV Shares ဝေစုက ခန့်မှန်းခြေ ဒေါ်လာ ၂ ဒသမ ၇ သန်းရလို့ UFC 317 ခေါင်ပွဲရဲ့ အနိုင်ဆုရှင် Topuria ရဲ့ စုစုပေါင်းဝင်ငွေက ခန့်မှန်းခြေ ဒေါ်လာ ၃ ဒသမ ၅ သန်းပါ။
ဒုတိယအများဆုံးရတာက Topuria ကို ရှုံးခဲ့သူ Charles Oliveira ပါ။ သူက Topuria နဲ့ ထိုးသတ်ခဲ့ရာမှာ ရှုံးနိမ့်ခဲ့ပေမဲ့လည်း သူ့ရဲ့ နာမည်ကျော်ကြားမှုကြောင့် PPV ဝင်ငွေခွဲဝေမှု များပြားစွာ ရရှိခဲ့ပြီး သူ့ရဲ့ အခြေခံထိုးသတ်ကြေး ဒေါ်လာ ၇၅၀၀၀၀ နဲ့ PPV ပေါင်းရင် အနိမ့်ဆုံး ဒေါ်လာ ၁ ဒသမ ၃ သန်းနဲ့ ၁ ဒသမ ၈ သန်းကြား ရမယ်လို့ တွက်ချက်ထားပါတယ်။
တတိယနေရာမှာ ဝင်ငွေအများဆုံးရသူက ဖလိုင်းဝိတ် ချန်ပီယံဆုကို စတုတ္ထအကြိမ် ကာကွယ်သူ Pantoja ပါ။ Joshua Van ရဲ့ ချန်ပီယံအလုခံရတော့မယ့်သူက အခြေခံထိုးသတ်ကြေး ဒေါ်လာ ၅ သိန်းပါ။ PPV Share က ဒေါ်လာ ၇ သိန်းကနေ ဒေါ်လာ ၁ ဒသမ ၂ သန်းကြားရမယ်လို့ ခန့်မှန်းတာကြောင့် စုစုပေါင်းဝင်ငွေက ခန့်မှန်းခြေ ဒေါ်လာ ၁ ဒသမ ၂ သန်းရရှိမှာပါ။
ချန်ပီယံ Pantoja ကို စိန်ခေါ်ပေမဲ့ ရှုံးနိမ့်ခဲ့သူ Kai Kara-France က အခြေခံထိုးသတ်ကြေး ဒေါ်လာ ၄၀၀၀၀၀ နဲ့ PPV Share က ဒေါ်လာ ၁ သိန်းနဲ့ သုံးသိန်းကြားရနိုင်လို့ သူက ရှုံးပေမယ့်လည်း တစ်ညတည်းမှာ ဒေါ်လာ ၆ သိန်းနဲ့ ၇ သိန်းကြားရခဲ့ပါတယ်။ ဒီပမာဏက လာမယ်ပွဲမှာ Pantoja ကို စိန်ခေါ်ခွင့်ရထားတဲ့ Joshua Van အနိမ့်ဆုံးရနိုင်မယ့်ငွေဖြစ်ပြီး အနိုင်ရမယ်ဆို ဒီ့ထက်မက များသွားပြီး တစ်ပွဲတည်းနဲ့ ဒေါ်လာသန်းချီရနိုင်မယ့်အခြေအနေပါ။
Joshua Van နဲ့ Brandon Royval တို့ပွဲမှာဆို အနိုင်ရသူ Van က အခြေခံထိုးသတ်ကြေး ဒေါ်လာ ၈၅၀၀၀၊ အနိုင်ဆုကြေး ဒေါ်လာ ၁၀၀၀၀ နဲ့ Fight of The Night ဆုကြေးက ဒေါ်လာ ၅၀၀၀၀ မို့လို့ သူက ဒေါ်လာ ၁၄၅၀၀၀ ရခဲ့ပါတယ်။ ဒီပမာဏကို မြန်မာငွေနဲ့တွက်မယ်ဆို သိန်းပေါင်း ၆၆၀၀ လောက်ကို Joshua Van က ၁၅ မိနစ်တည်းနဲ့ ရှာပြခဲ့တယ်လို့ ပြောရမှာပါ။
Joshua Van ကို အရေးနိမ့်ခဲ့တဲ့ Brandon Royval ကတော့ Ranking (1) အဆင့်မှာ ကာလရှည်ရှိနေခဲ့တာမို့လို့ သူ့အခြေခံထိုးသတ်ကြေးက Van ထက်မြင့်ပြီး ဒေါ်လာ ၁၁၀၀၀၀ တောင် ရပါတယ်။ ဒါ့အပြင် သူ့မှာ ထူးထူးခြားခြား ပွဲထွက်ကြေးလည်းပါပြီး ဒီပွဲထွက်ကြေးက ဒေါ်လာ ၁၁၀၀၀ နဲ့ Fight of the Night ဆုကြေးက ဒေါ်လာ ၅၀၀၀၀ ရတာမို့ စုစုပေါင်းဝင်ငွေက ဒေါ်လာ ၁၇၁၀၀၀ ပါ။ ဝါရင့် ဘရာဇီးခါးပတ်နက်ချန်ပီယံကြီး Gregory Rodrigues ကလည်း အခြေခံထိုးသတ်ကြေး ဒေါ်လာ ၂ သိန်း၊ အနိုင်ရရှိကြေး ဒေါ်လာ ၁၁၀၀၀ နဲ့ Performance of the Night ဆုကြေးက ဒေါ်လာ ၅၀၀၀၀ ရလို့စုစုပေါင်းဝင်ငွေ ခန့်မှန်းခြေက ဒေါ်လာ ၂၆၁၀၀၀ အထိ ရှိနေတာကို တွေ့ရပါတယ်။
ဒီအချက်တွေက The Economic Times က တွက်ဆပြထားတဲ့ UFC 317 မှာ ထိုးသတ်ခဲ့ကြတဲ့ ကစားသမားတွေရဲ့ ဝင်ငွေပါ။ တခြား ထူးထူးခြားခြားအဖြစ်လည်း MGM Resorts International နဲ့ Entain Holdings တို့ ပူးပေါင်းဆောင်ရွက်မှုနဲ့ တည်ထောင်ထားတဲ့ နာမည်ကြီး အွန်လိုင်းအားကစား လောင်းကစား Platform တစ်ခုဖြစ်ပြီး၊ အမေရိကန်မှာတရားဝင်လိုင်စင်ရရှိထားတဲ့ ယုံကြည်စိတ်ချရတဲ့ Website တစ်ခုဖြစ်တဲ့ BetMGM ကတော့ Joshua Van က UFC 317 မှာ ရတဲ့ဝင်ငွေကို ဒေါ်လာ ၂၃၀၀၀၀ လို့ တွက်ချက်ဖော်ပြခဲ့ပါတယ်။
အခြားကစားသမားတွေရတဲ့ ဝင်ငွေကို BetMGM က တွက်ဆပြရာမှာလည်း Ilia Topuria က ဒေါ်လာ ၃၅၄၀၀၀၀၊ Alexandre Pantoja က ဒေါ်လာ ၁၇၄၀၀၀၀၊ Charles Oliveira က ဒေါ်လာ ၁၃၂၀၀၀၀၊ Kai Kara-France က ဒေါ်လာ ၉၃၂၀၀၀၊ Beneil Dariush က ဒေါ်လာ ၂၉၆၀၀၀၊ Renato Moicano က ဒေါ်လာ ၂၇၁၀၀၀၊ Niko Price က ဒေါ်လာ ၂၇၁၀၀၀၊ Gregory Rodrigues က ဒေါ်လာ ၂၆၁၀၀၀၊ Joshua Van က ဒေါ်လာ ၂၃၀၀၀၀၊ Jack Hermansson က ဒေါ်လာ ၂၁၆၀၀၀၊ Viviane Araujo က ဒေါ်လာ ၂၁၁၀၀၀၊ Terrance McKinney က ဒေါ်လာ ၂၁၀၀၀၀၊ Brandon Royval က ဒေါ်လာ ၁၇၁၀၀၀ ရတယ်လို့ တွက်ပြပါတယ်။
ဒီနေရာမှာ ကျန်တဲ့ကစားသမားတွေက သိပ်မကွာဘဲ Joshua Van မှာသာ The Economic Times နဲ့ BetMGM ဘာကြောင့်ကွာနေတာလဲဆိုရင် မီဒီယာတွေက Base Pay နဲ့ Win Bonus ကိုပဲ အဓိကထား ဖော်ပြလေ့ရှိပြီး၊ BetMGM ကတော့ UFC ဖလိုင်းဝိတ်အဆင့် (၁) ကို သုံးပတ်အကြာ Short Notice နဲ့ ဝင်ထိုးရတဲ့ PPV ရနိုင်ဖွယ်မရှိသေးတဲ့ Joshua Van ရဲ့ စုစုပေါင်းရရှိနိုင်မယ့် ဝင်ငွေမှာ Base Pay, Win Bonus, Fight of the Night Bonus၊ Locker Room Bonuses၊ စပွန်ဆာနဲ့ အခြားဖြစ်နိုင်ခြေရှိတဲ့ အပိုဆုကြေးတွေ အားလုံးကို ထည့်ပေါင်းတွက်ချက်ပြီး ခန့်မှန်းထားတာ ဖြစ်နိုင်ပါတယ်။
ထပ်ပြီးဖြစ်နိုင်တဲ့ အချက်တစ်ခုက Joshua Van ဟာ UFC 316 မှာ Bruno Silva ကို အလဲထိုးခဲ့ရာမှာ စုစုပေါင်းဝင်ငွေက ဒေါ်လာ ၁၅၀၀၀၀ လို့ ဩဇာကြီးမီဒီယာတွေက ဖော်ပြခဲ့တာကြောင့် အဆင့် (၁) Royval ကို Short Notice နဲ့ဝင်ထိုးရတဲ့ Van က သေချာပေါက် Bruno Silva ပွဲထက် ပိုပြီး ဒီပွဲက ဝင်ငွေပိုရမှာပါ။
ဒါကြောင့် ဖြစ်တန်ခြေအရဆိုရင် BetMGM က ဒေါ်လာ ၂၃၀၀၀၀ ရတာက ပိုဖြစ်နိုင်မှာပါ။ ဒါကြောင့် The Economic Times ရေးထားတဲ့ ဒေါ်လာ ၁၄၅၀၀၀ နဲ့ တွက်မယ်ဆို Joshua Van က သိန်း ၆၆၀၀ ကို ၁၅ မိနစ်နဲ့ရှာခဲ့ပြီး BetMGM တွက်တဲ့ ဒေါ်လာ ၂၃၀၀၀၀ ဝင်ငွေအရဆိုရင်တော့ ကျပ် သိန်း ၁၀၀၀၀ ကျော်ကို ၁၅ မိနစ်နဲ့ ရှာလိုက်တယ်လို့ပြောရမှာဖြစ်ပြီး ဒီနှစ်ထဲဆုံတွေ့ဖွယ်ရှိတဲ့ Pantoja နဲ့ ချန်ပီယံလုပွဲအပြီးဆိုရင်တော့ Joshua Van ဟာ သေချာပေါက် သန်းကြွယ်သူဌေးဖြစ်လာတော့မှာပါ။
Ref, The Economic Times & BetMGM




