၃၀. ၆. ၂၀၂၅
Translated by Thettant
ထိုင်း နိုင်ငံခြားရေးဝန်ကြီးဌာနသည် မဲခေါင်မြစ်၏ မြစ်လက်တက်ဖြစ်သော ကော့မြစ် (Kok River) အတွင်း အာဆင်းနစ်ဓာတ် ပျော်ဝင်မှုနှင့်ပတ်သက်၍ မြန်မာအစိုးရတာဝန်ရှိသူများနှင့် ဆွေးနွေးရန် ကျွမ်းကျင်သူကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို လာမည့်အပတ်တွင် စေလွှတ်ရန် စီစဉ်နေသည်။
အဆိုပါဆုံးဖြတ်ချက်သည် ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရစ် ဆန်ဂီယာပွန်ဆာ၏ မကြာသေးမီကတင်ခဲ့သော Facebook ပို့စ်တွင် ထိုင်းဝန်ကြီးချုပ် ပေတုံတန် ရှင်နာဝပ်ထရာ ချင်းရိုင်သို့ သွားရောက်စဉ် ရေအရည်အသွေးဆိုင်ရာ မေးခွန်းများကို ဖြေကြားခဲ့ခြင်းနောက်ပိုင်း ဖြစ်ပေါ်လာခြင်းဖြစ်သည်။
မာရစ်က ရေထုညစ်ညမ်းမှုသည် ဒေသခံများ၏ တိုင်ကြားချက်များကြောင့် အစိုးရအတွက် အဓိကစိုးရိမ်စရာဖြစ်လာကြောင်း ပြောကြားခဲ့သည်။ ထို့ကြောင့် ဝန်ကြီးဌာနသည် မြန်မာနှင့် တရုတ်နိုင်ငံတို့နှင့် ပူးပေါင်း၍ ပြဿနာကိုဖြေရှင်းရန် သဘောတူညီချက်တစ်ရပ်ထူထောင်နိုင်ရေး ဆောင်ရွက်နေခြင်းဖြစ်သည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၏ အကြံပေးပုဂ္ဂိုလ်တစ်ဦး ဦးဆောင်သော ကျွမ်းကျင်သူအဖွဲ့သည် ညစ်ညမ်းမှုဆိုင်ရာ ပူးတွဲစီမံခန့်ခွဲမှုအစီအစဉ်ကို ဆွေးနွေးရန် နေပြည်တော်သို့ သွားရောက်မည်ဟု စီစဉ်ထားသည်။ သွားရောက်သည့် ရည်ရွယ်ချက်မှာ မြစ်ထဲသို့ ညစ်ညမ်းစေသော အရာများ မဝင်ရောက်အောင် ထိန်းချုပ်ကာကွယ်သည့် စနစ်များ ထည့်သွင်းအကောင်အထည်ဖော်ခြင်းဖြင့် ပြဿနာကို ရင်းမြစ်မှပင် ဖြေရှင်းရန်ဖြစ်သည်။
မာရစ်က ရေရှည်တည်တံ့သော ညစ်ညမ်းမှု စီမံခန့်ခွဲမှုကို သေချာစေရန် နိုင်ငံတကာ အဖွဲ့အစည်းတစ်ခုမှ နည်းပညာအကူအညီများ ရယူခြင်းကိုလည်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ရေမျက်နှာပြင်အရည်အသွေး မြှင့်တင်ရေး ဆပ်ကော်မတီကိုလည်း ယာယီပြည်ထဲရေးဝန်ကြီး သီရာရတ် ဆမ်ရေဂျ်ဗနနစ်က ချင်းရိုင်အုပ်ချုပ်ရေးမှူးအား ရေအရည်အသွေး မြှင့်တင်ရေးကို အလေးထားဆောင်ရွက်ရန် ညွှန်ကြားထားကြောင်း ပြောကြားခဲ့သည်။
ထို့အပြင် ဆပ်ကော်မတီသည် သဘာဝသယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီးအား ညစ်ညမ်းမှုဆိုင်ရာ စိုးရိမ်စရာများကို ဖြေရှင်းရန်အတွက် ချင်းရိုင်တွင် စောင့်ကြည့်လေ့လာရေးစင်တာတစ်ခု ထူထောင်ရန် တာဝန်ပေးအပ်ထားသည်။
မြန်မာနိုင်ငံသည်လည်း ကော့မြစ်ကို စစ်ဆေးရန် အရာရှိများကို စေလွှတ်ထားပြီး ယင်းရလဒ်များကို ဇူလိုင် ၂ ရက်မှ ၃ ရက်အထိ ကျင်းပမည့် ထိုင်း-မြန်မာ ဒေသဆိုင်ရာ နယ်စပ်ကော်မတီအစည်းအဝေးတွင် တင်ပြသွားမည်ဖြစ်သည်။
ပြီးခဲ့သည့်တစ်လအတွင်း ထိုင်းနိုင်ငံမြောက်ပိုင်းရှိ ဒေသခံများသည် မြန်မာနိုင်ငံ ရှမ်းပြည်နယ်ရှိ တရားမဝင် ရွှေတူးဖော်မှုများ၊ အထူးသဖြင့် တရုတ်ကုမ္ပဏီများမှ တူးဖော်မှုများသည် ပြဿနာကို အဓိကဖြစ်စေသည်ဟု ထောက်ပြခဲ့ကြောင်း ဘန်ကောက်ပို့စ်သတင်းစာက ဖော်ပြခဲ့သည်။ အဆိုပါ ကော့မြစ်သည် မဲခေါင်မြစ်၏ မြစ်လက်တက်ဖြစ်ပြီး ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ပြည်နယ်နှင့် မြန်မာနိုင်ငံရှမ်းပြည်နယ်အရှေ့ပိုင်းကို ဖြတ်သန်းစီးဆင်းကာ ထိုဒေသတွင် “၀” လက်နက်ကိုင် UWSA က တရုတ်ကုမ္ပဏီအား ရွှေသတ္တုတူးဖော်ခွင့်ပြုရာမှာ ထိုင်းနိုင်ငံဘက်ခြမ်းတွင် အာဆင်းနစ်ကဲ့သို့သော အဆိပ်သင့်သတ္တုဓာတ်များပျော်ဝင်မှုနှင့် ရေထုညစ်ညမ်းနေမှုများကြောင့် ထိုပြဿနာကို တရုတ်၊ မြန်မာ၊ ထိုင်း သုံးနိုင်ငံဖြေရှင်းရန် ထိုင်းနိုင်ငံဘက်က လိုလားနေခြင်းဖြစ်သည်။
Ref. The Thaiger

