၃၀. ၆ .၂၀၂၅
Written by Hey Mar
သွေးမခြောက်သေးတဲ့ မွေးကင်းစ မိန်းကလေးငယ်တစ်ဦးရဲ့ ရုပ်အလောင်းကို စည်ပင်အမှိုက်ပုံးအတွင်း အမှိုက်ကောက်သူတစ်ဦးက ဒီနေ့ ဇွန်လ ၃၀ ရက် နေ့လယ်မွန်းတည့်ပိုင်းက ရန်ကုန်မြို့၊ လသာမြို့နယ်မှာတွေ့ရှိခဲ့တာကြောင့် သက်ဆိုင်ရာကို ဆက်သွယ်အကြောင်းကြားခဲ့တယ်လို့ မြေပြင်မှာ ကြုံတွေ့ခဲ့ရတဲ့ ပြည်သူတစ်ဦးထံကနေ သိရပါတယ်။
လသာမြို့နယ်၊ (၁၈) လမ်းထိပ်က စည်ပင်အမှိုက်ပုံးအတွင်း ထဘီနှင့်ပတ်ကာ ကြွပ်ကြွပ်အိတ်နဲ့ ထုတ်လျက်သား ကလေးရုပ်အလောင်းကို အမှိုက်ပုံးထဲ ရောင်းချစရာရှာဖွေပလုံကောက်သူတစ်ဦးက စတင်တွေ့ရှိခဲ့တာပါ။
အဆိုပါဖြစ်စဉ်ကို MT Newsကို ဆက်သွယ်ပြောပြသူ အမျိုးသမီးက “ကျွန်မက အဲ့ဒီလမ်းထိပ်က ကုန်စုံဆိုင်မှာ ဈေးဝယ်နေကြမို့ သွားဝယ်ရင်း လူတွေ အုံနေတာ တွေ့တာနဲ့ ကြည့်မိတာ။ မွေးကင်းစ ကလေးလေးကို ချက်ကြိုးတန်းလမ်းနဲ့ သွေးတွေနဲ့ လာထားသွားတာတဲ့။ ထမီပတ်ပြီးတော့ အသက်မရှိတော့ပါဘူး။ အမှိုက်ကောက်တဲ့သူတွေ့တာကလေးက မိန်းကလေးတဲ့။ အပေါ်ယံတင် ပစ်ထားခဲ့တာဆိုတော့ တန်းတွေ့တာပေါ့။ ညီမလဲ စိတ်မကောင်းတာနဲ့ မကြည့်ဘဲ လှည့်ထွက်ခဲ့လိုက်တာ။ ဘယ်သူမှလည်း မကိုင်ရဲကြဘူး” လို့ ဆိုပါတယ်။
ကလေးရဲ့ ရုပ်အလောင်းကို သက်ဆိုင်ရာက စီစဉ်ညွှန်ကြားချက်နဲ့ လူမှုကူညီရေးအသင်းက ရန်ကုန်ဆေးရုံကြီးဆီ ပို့ပေးခဲ့တယ်လို့ သိရှိရပါတယ်။
ပြီးခဲ့တဲ့ စနေနေ့ ဇွန်လ ၂၈ ရက်နေ့ကလည်း ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ မအူကုန်းကျေးရွာ ရန်ကုန်-မန္တလေးအမြန်လမ်း ၁၅၉မိုင် လမ်းဘေးမှာ ချက်ကြိုးမဖြတ်ရသေးတဲ့ မွေးကင်းစ ကလေးငယ် ယောက်ျားလေးတစ်ဦးကို စွန့်ပစ်မှု ဖြစ်ပွားခဲ့ပြီး ရေတာရှည်မြို့နယ်ထဲကပဲ ကလေးမရှိသေးတဲ့ ဇနီးမောင်နှံက သက်ဆိုင်ရာ အသိသက်သေတွေရှေ့ စာချုပ်စာတမ်းနဲ့ တရားဝင်မွေးစားခဲ့တဲ့ ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ပါသေးတယ်။
