၃၀.၆.၂၀၂၅
Translated by Htwe Ko Tun
အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို့မှာ အိန္ဒိယ အကောက်ခွန်အရာရှိတွေက ထိုင်းနိုင်ငံမှ ရောက်ရှိလာတဲ့ လေယာဉ်ခရီးသည်တစ်ဦးကို ဇွန်လ ၂၉ ရက်က မြွေအရှင်တွေ တင်ဆောင်လာတာစစ်ဆေးတွေ့ရှိပြီးတဲ့နောက် ဖမ်းဆီးအရေးယူခဲ့ရတယ်လို့သိရပြီး ဇွန်လအတွင်း တတိယအကြိမ် ဖမ်းဆီးရမိတာဖြစ်တယ်လို့လည်း သိရပါတယ်။
“အကောက်ခွန်အရာရှိတွေအနေနဲ့ နောက်ထပ် တောရိုင်းတိရိစ္ဆာန်တွေ မှောင်ခိုကူးဖို့ ကြိုးစားမှုဖြစ်တဲ့ မြွေ ၁၆ ကောင်သယ်ဆောင်လာတာကို ထိုင်းနိုင်ငံကပြန်လာတဲ့ ခရီးသည်ဆီက သိမ်းဆည်းရမိခဲ့တာပါ” လို့ အိန္ဒိယနိုင်ငံရဲ့ငွေရေးကြေးရေးအချက်အချာကျတဲ့ မွမ်ဘိုင်းမြို့ လေဆိပ်မှာ အကောက်ခွန်အရာရှိတွေက ပြောခဲ့ကြပါတယ်။
တနင်္ဂနွေနေ့က ရောက်ရှိလာခဲ့တဲ့ ခရီးသည်ကို ဖမ်းဆီးလိုက်တယ်လို့ အကောက်ခွန်အေဂျင်စီက ကြေညာချက်ထုတ်ပြန်ခဲ့ပြီး နောက်ထပ် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်လို့လည်း ပြောကြားခဲ့ပါတယ်။
ဖမိးဆီးမိခဲ့တဲ့ သက်ရှိမြွေတွေမှာ အိမ်မွေးတိရစ္ဆာန်ရောင်းဝယ်ရေးအတွက် ရောင်းချလေ့ရှိတဲ့ တွားသွားသတ္တဝါတွေပါဝင်ပြီး အများစုမှာ အဆိပ်မရှိတာ ဒါမှမဟုတ် လူကိုထိခိုက်နိုင်လောက်အောင် အဆိပ်မရှိတာကို တွေ့ရပါတယ်။ ဇွန်လအစောပိုင်းကလည်း အဆိပ်ရှိတဲ့မြွေဆိုးတွေကို ထိုင်းနိုင်ငံမှပဲ မှောင်ခိုသယ်ဆောင်လာတဲ့ ခရီးသည်တစ်ဦးကို ထိုင်းမှရောက်ရှိလာတုံးမှာ အကောက်ခွန်အရာရှိတွေက ဖမ်းမိခဲ့ပါသေးတယ်။
ရက်ပိုင်းအကြာမှာပဲ ပုတ်သင်ညိုတွေ၊ ဝတ်ရည်စုပ်ငှက်တွေနဲ့ သစ်ပင်နေ သားပိုက်ကောင်တွေ အပါအဝင် တိရစ္ဆာန်အကောင် ၁၀၀ သယ်ဆောင်လာတဲ့ တခြားခရီးသည်တစ်ဦးကို ဖမ်းဆီးမိခဲ့ပါသေးတယ်။
ပြီးခဲ့တဲ့ သုံးနှစ်ခွဲအတွင်းမှာ အရှင်နဲ့ အသေတွေအပါအဝင် တိရစ္ဆာန် ၇,၀၀၀ ကျော်ကို ထိုင်းနိုင်ငံမှ အိန္ဒိယနိုင်ငံကို လေကြောင်းလိုင်းနဲ့ မှောင်ခိုသယ်ဆောင်မှုကို ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။
Ref, Bangkok Post


