၃၀. ၆. ၂၀၂၅
Translated by Thettant
တရုတ်နိုင်ငံ၊ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်၏မြို့တော် ကူမင်းနှင့် မြန်မာနိုင်ငံ မန္တလေးမြို့အကြား လေကြောင်းခရီးစဉ်များကို တနင်္ဂနွေနေ့တွင် ပြန်လည်စတင်ခဲ့ပြီဖြစ်ကြောင်း China Eastern Airlines ၏ ယူနန်ရုံးခွဲက ပြောကြားခဲ့သည်။
ပြီးခဲ့သည့် မတ်လ ၂၈ လှုပ်ခတ်ခဲ့သော ရစ်ချ်တာစကေး ၇ ဒသမ ၇ အဆင့်ရှိ ဖျက်အားပြင်းငလျင်ကြောင့် ဆိုင်းငံ့ထားခဲ့ရသည့် အဓိကလမ်းကြောင်းတစ်ခုကို ပြန်လည်စတင်နိုင်ခဲ့ခြင်းဖြစ်သည်။
ကူမင်း-မန္တလေး လေကြောင်းလမ်းကြောင်းကို Boeing 737 လေယာဉ်များဖြင့် MU2029 နှင့် MU2030 လေကြောင်းနံပါတ်များအောက်တွင် ပြေးဆွဲမည်ဖြစ်သည်။ ခရီးစဉ်အချိန်ဇယားမှာ ဆိုင်းငံ့ခြင်းမပြုမီကအတိုင်း တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနှင့် တနင်္ဂနွေနေ့များတွင် တစ်ပတ်လျှင် လေးကြိမ် အသွားအပြန် ပျံသန်းမည်ဖြစ်ကြောင်း လေကြောင်းလိုင်းက ပြောကြားခဲ့သည်။
ယင်းလမ်းကြောင်းကို မတ်လ ၂၈ ရက်နေ့က မန္တလေးငလျင်ကြီးကြောင့် မန္တလေးလေဆိပ်ရှိ အခြေခံအဆောက်အအုံများ ပျက်စီးအပြီး ဆိုင်းငံ့ထားခဲ့ကာ လေဆိပ်ပြင်ဆင်မှုများနှင့် နိုင်ငံတကာလေကြောင်းခရီးစဉ်များ ပြန်လည်စတင်ပြီးနောက် China Eastern Airlines က ခရီးသည်များ၏ လိုအပ်ချက်ကို ဖြည့်ဆည်းရန်အတွက် ဝန်ဆောင်မှုများကို ပြန်လည်စတင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
လေကြောင်းခရီးစဉ်များ ပြန်လည်စတင်ခြင်းသည် တရုတ်နှင့် မြန်မာအကြား နှစ်နိုင်ငံ ကုန်သွယ်ရေး၊ ယဉ်ကျေးမှုနှင့် ပြည်သူအချင်းချင်း ဖလှယ်မှုများအပြင် ဘေးအန္တရာယ်ပြီးနောက် ပြန်လည်တည်ဆောက်ရေး ပူးပေါင်းဆောင်ရွက်မှုများကိုလည်း အထောက်အကူပြုမည်ဟု မျှော်လင့်ရပြီး ယူနန်ပြည်နယ်၏ အရှေ့တောင်အာရှနှင့် ဆက်သွယ်မှုကိုလည်း မြှင့်တင်ပေးမည်ဖြစ်သည်။
အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) သည် ယခုနှစ် ဇန်နဝါရီ-မေလ ကာလအတွင်း တရုတ်နိုင်ငံ၏ အကြီးဆုံး ကုန်သွယ်ဖက်အဖြစ် ဆက်လက်တည်ရှိနေခဲ့သည်။ ဤကာလအတွင်း တရုတ်နှင့် အာဆီယံအကြား ကုန်သွယ်မှုပမာဏသည် ယွမ် ၃ ဒသမ ၀၂ ထရီလီယံ (အမေရိကန်ဒေါ်လာ ၄၂၂ ဘီလီယံခန့်) အထိ ရှိခဲ့ပြီး ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၉ ဒသမ ၁ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။
