
၃၀. ၆. ၂၀၂၅
Written by Nyein Kyaw
ဘယ်လာရုစ်နိုင်ငံ၊ မင့်စ်မြို့၌ ကျင်းပပြုလုပ်ခဲ့သည့် စတုတ္ထအကြိမ် ဥရောပ-အာရှ စီးပွားရေးဖိုရမ် (EEF 2025)သို့ တက်ရောက်ခဲ့ပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဘူရားတီးရားပြည်နယ်သို့ တရားဝင်ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် ဇွန်လ ၂၉ ရက် ညနေပိုင်းတွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာပြီဖြစ်ကြောင်း SAC သတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။

SAC ဥက္ကဋ္ဌ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ဇွန်လ ၂၉ ရက် မွန်းလွဲပိုင်းတွင် ရုရှားနိုင်ငံ၊ ဘူရားတီးရားပြည်နယ်၊ Ulan-Ude မြို့၊ Baikal အပြည်ပြည်ဆိုင်ရာလေဆိပ်မှ မြန်မာနိုင်ငံသို့ အထူးလေယာဉ်ဖြင့် ပြန်လည်ထွက်ခွာခဲ့ရာ လေဆိပ်တွင် ဘူရားတီးရားပြည်နယ်၊ ပြည်နယ်အကြီးအကဲ Mr. Aleksey Sambuyevich Tsydenov နှင့် တာဝန်ရှိသူများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးသစ်လင်းအုန်း၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် ကျော်စိုးဦးနှင့် တာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။

ထို့နောက် SAC ဥက္ကဋ္ဌ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ ညနေပိုင်းတွင် နေပြည်တော် တပ်မတော်လေဆိပ်သို့ ပြန်လည်ရောက်ရှိကြရာ မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့အား ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့်ဇနီး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်း နိုင်ငံသံအမတ်ကြီးနှင့် သံရုံး၊ စစ်သံရုံးတို့မှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့်ဇနီး၊ ခရီးစဉ်တွင် လိုက်ပါသွားကြသည့်အဖွဲ့ဝင်များ ပြန်လည်လိုက်ပါလာကြသည်။

အဆိုပါခရီးစဉ်များအတွင်း SAC ဥက္ကဋ္ဌ၊နိုင်ငံတော်ဝန်ကြီးချုပ်သည် ဘယ်လာရုစ်နိုင်ငံ၊ မင့်စ်မြို့၌ ကျင်းပပြုလုပ်ခဲ့သည့် စတုတ္ထအကြိမ် ဥရောပ-အာရှစီးပွားရေးဖိုရမ်(EEF 2025)သို့ တက်ရောက်ခြင်း၊ EAEU ၏ အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်သည့် ဘယ်လာရုစ်နိုင်ငံသမ္မတနှင့် သီးခြားတွေ့ဆုံဆွေးနွေးခြင်း၊ ဥရောပ-အာရှ စီးပွားရေးကော်မရှင်ဘုတ်အဖွဲ့ဥက္ကဋ္ဌနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ စက်ရုံ၊ အလုပ်ရုံများသို့ သွားရောက်လေ့လာခြင်းများကို ဆောင်ရွက်ခဲ့ပြီး နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြား ချစ်ကြည်ရေး၊ စီးပွားရေး၊ လုံခြုံရေးဆိုင်ရာများနှင့် ကဏ္ဍပေါင်းစုံတွင် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များ၊ Eurasian Economic Union – EAEU အဖွဲ့ဝင်နိုင်ငံများနှင့် စီးပွားရေး ဖွံဖြိုးတိုးတက်မှုဆိုင်ရာကိစ္စရပ်များကို ပိုမိုတိုးတက်ခိုင်မာအောင်ဆောင်ရွက်နိုင်ခဲ့သည်။
ထို့ပြင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Buryatia ပြည်နယ်သို့ ရောက်ရှိချိန်တွင်လည်း စက်ရုံ၊ အလုပ်ရုံများသို့သွားရောက်လေ့လာခဲ့ပြီး ချစ်ကြည်ရင်းနှီးမှုနှင့် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ သိပ္ပံနှင့်နည်းပညာဆိုင်ရာ၊ စက်မှုနည်းပညာဆိုင်ရာ စသည့် ကဏ္ဍအသီးသီးတွင် ပူးပေါင်း ဆောင်ရွက်မှုများ တိုးတက်ခိုင်မာအောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
