◾️ နိုင်ငံတကာဆက်ဆံရေးတွင် မြန်မာနိုင်ငံက နိုင်ငံအားလုံးကို မိတ်ဆွေအဖြစ် မိတ်ဝတ်မပျက် ဆက်ဆံသွားမည်ဖြစ်သော်လည်း နိုင်ငံနှင့် ပြည်သူလူထု၏ အကျိုးစီးပွားအတွက် လက်တွေ့အကျိုးဖြစ်နိုင်သည့် နိုင်ငံများကို ဦးစားပေးဆက်ဆံသွားမည်ဟုပါ ပြောကြား
၃၀. ၆. ၂၀၂၅
Written by Nyein Kyaw
ဥရောပ-အာရှ စီးပွားရေးသမဂ္ဂ (EAEU)နှင့် ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် မြန်မာနိုင်ငံအပေါ် စီးပွားရေး၊ နိုင်ငံရေးတို့တွင် ကမ္ဘာ့အင်အားကြီးနိုင်ငံတချို့၏ လိုရင်လိုသလို မလိုရင်မလိုသလို ပုံဖော်ပိတ်ဆို့နေမှုများကို ဖြေရှင်းရာတွင် အင်အားရှိလာမည်ဖြစ်ကြောင်း SAC သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဘယ်လာရုစ်နိုင်ငံ၊ မင့်စ်မြို့၌ ကျင်းပပြုလုပ်ခဲ့သည့် စတုတ္ထအကြိမ် ဥရောပ-အာရှ စီးပွားရေးဖိုရမ် ( EEF 2025 ) တက်ရောက်ခဲ့ပြီး နေပြည်တော်တပ်မတော်လေဆိပ်သို့ ပြန်လည်ရောက်ရှိစဉ် သတင်းမီဒီယာများ၏ မေးမြန်းမှုများအပေါ် ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
ဥရောပ-အာရှစီးပွားရေးသမဂ္ဂ (EAEU) အား ၂၀၁၅ ခုနှစ်တွင် စတင်ထူထောင်ခဲ့ခြင်းဖြစ်ပြီး စတင်ထူထောင်ခဲ့သည့် ရည်ရွယ်ချက်များတွင် အဖွဲ့ဝင်နိုင်ငံအချင်းချင်း၊ မိတ်ဆွေနိုင်ငံများ၊ အဖွဲ့ဝင်နိုင်ငံများအချင်းချင်းမှာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်၊ လူနေမှုအဆင့်အတန်း မြင့်မားလာစေရန်ဆိုသည့် ရည်ရွက်ချက်နှစ်ခုဖြင့် စတင်ဖွဲ့စည်းထူထောင်ခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် ၂၀၂၂ ခုနှစ်မှစတင်ပြီး EAEU နှင့် ဆက်သွယ်ခဲ့ခြင်းဖြစ်ကာ ၂၀၂၂ ခုနှစ်တွင် EAEU ၏ ဥရောပ-အာရှ စီးပွားရေးအဖွဲ့ (EEC)မှ ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ ရောက်ရှိကာ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့်တွေ့ပြီး ကဏ္ဍပေါင်းစုံ ဆက်ဆံမှုမြှင့်တင်နိုင်ရေးကို ဆောင်ရွက်ခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
၂၀၂၃ ခုနှစ်တွင် ပိုမိုအရှိန်အဟုန်ကောင်းစွာ ဆောင်ရွက်နိုင်ခဲ့ပြီး၂၀၂၃ ခုနှစ်၌ပင် EAEU အဖွဲ့နှင့် မြန်မာနိုင်ငံတို့ ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးအတွက် MoU နားလည်မှု စာချွန်လွှာချုပ်ဆိုနိုင်ခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ် စက်တင်ဘာလ၌ပင် စိန့်ပီတာစဘတ်တွင် ကျင်းပခဲ့သည် (၂၆) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ စီးပွားရေးဖိုရမ်တွင် အဆိုပါစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့ခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
အဆိုပါ စာချုပ်ချုပ်ဆိုနိုင်ခဲ့ပြီးနောက် ၂၀၂၄ ခုနှစ်တွင် EAEU မှ ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး အဆိုပါ MoU စာချုပ်ကို ဆက်လက်အရှိန်အဟုန် မြှင့်တင်နိုင်ရေးအတွက် MoU ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ ဖွဲ့စည်းခဲ့၍ ပထမအကြိမ် အစည်းအဝေးကို နေပြည်တော်တွင် ကျင်းပနိုင်ခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
“နောက်တစ်ကြိမ် အစည်းအဝေးကိုတော့ ရုရှားမှာ ကျွန်တော်တို့ ကျင်းပခဲ့တယ်။ EAEU ရဲ့ ခုနကပြောတဲ့ မူလရည်ရွယ်ချက်ကို ပြောပြခဲ့ပြီးဖြစ်တယ်။ EAEU အနေနဲ့က သူ့ရဲ့ အခြေခံပဋိညာဉ်မှာ ဘာပါလဲဆိုတော့ နိုင်ငံအချင်းချင်း အချုပ်အခြာအာဏာတည်တံ့မှု နယ်မြေခိုင်မြဲမှုကို အလေးထားဖို့၊ နံပါတ်နှစ်အချက်ကတော့ နိုင်ငံတွေရဲ့ အမျိုးသားအကျိုးစီးပွားကို အလေးထားဖို့ ဆိုတာပါပါတယ်။ ဒါဟာ နိုင်ငံတိုင်းအတွက် လိုအပ်တဲ့ကိစ္စတွေဖြစ်ပါတယ်။ ဒီနေ့ ကျွန်တော်တို့ ကမ္ဘာမှာ ဖြစ်ပျက်နေတဲ့ အခြေအနေအရ စီးပွားရေးအရပဲဖြစ်ဖြစ်၊ နိုင်ငံရေးအရပဲဖြစ်ဖြစ်၊ ကျန်တဲ့အရေးအရာတွေပဲဖြစ်ဖြစ် သူတို့လိုရင်လိုသလို ပုံဖော်နေတယ်။ မလိုရင်မလိုသလို ပုံဖော်နေတဲ့ဟာတွေ ပိတ်ဆို့နေတဲ့ ဟာတွေရှိပါတယ်။ ဒါတွေကို ကျွန်တော်တို့က EAEU နဲ့ ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ပူးပေါင်းဆောင်ရွက်မှု အင်အားကိုရရှိလာမှာဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ယခုသွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် EAEU ၏ နှစ်စဉ် ကျင်းပနေကျဖြစ်သည့် စတုတ္ထအကြိမ်မြောက် ဥရောပ-အာရှ စီးပွားရေးဖိုရမ်(EEF) သို့ တက်ရောက်ပြီး မိန့်ခွန်းပြောကြားခဲ့သလို အဆိုပါ မိန့်ခွန်းတွင်လည်း အထက်ပါအချက်များကို ကျယ်ကျယ်ပြန့်ပြန့် ထည့်သွင်းပြောကြားခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
လက်ရှိတွင် မြန်မာနိုင်ငံအနေဖြင့် EAEU ၏ အဖွဲ့ဝင်နိုင်ငံဖြစ်ရန်အတွက် EAEU ၏ လေ့လာခွင့်ရရှိသည့်နိုင်ငံ၊ လေ့လာသူနိုင်ငံဖြစ်ရန်အတွက် ကြိုးစားဆောက်ရွက်နေပြီး EAEU အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ရုရှားနှင့်အခြားအဖွဲ့ဝင်နိုင်ငံများကလည်း မြန်မာနိုင်ငံကို ကြိုဆိုလက်ခံခြင်းကြောင့် ကြိုးစားမှုများ အောင်မြင်မည်ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
“ကျွန်တော်တို့မြန်မာနိုင်ငံက ကျင့်သုံးနေတဲ့ နိုင်ငံခြားမူဝါဒက လွတ်လပ်တက်ကြွပြီး ဘက်မလိုက်တဲ့ နိုင်ငံခြားရေးမူဝါဒဖြစ်တယ်။ ကျွန်တော်အနေနဲ့ နိုင်ငံတကာဆက်ဆံရေးမှာဆိုရင် နိုင်ငံအားလုံးကို မိတ်ဆွေအဖြစ်မိတ်ဝတ်မပျက် ဆက်ဆံမှာဖြစ်တယ်။ သို့သော် ကျွန်တော်တို့ အနေနဲ့က နိုင်ငံအားလုံးနဲ့ ဆက်ဆံတဲ့နေရာမှာ ကိုယ့်ကိုပိုပြီးအကျိုးပြုမယ့်နိုင်ငံ၊ ကိုယ့်နိုင်ငံအတွက်၊ ကိုယ့်ပြည်သူလူထုရဲ့ လူမှုအကျိုးစီးပွားအတွက် လက်တွေ့အကျိုးစီးပွားဖြစ်နိုင်တဲ့ နိုင်ငံတွေနဲ့ ဦးစားပေးပြီးဆက်ဆံသွားရမှာဖြစ်ပါတယ်။ ဒီခရီးစဉ်မှာလည်း မြန်မာပြည်သူလူထု၊ မြန်မာနိုင်ငံလူမှုစီးပွားဘဝ ဖွံ့ ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နိုင်တဲ့ လမ်းစကောင်းတွေကို ရရှိခဲ့တယ်လို့ ကျွန်တော်မြင်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
