
သတိုး
၂၉. ၆. ၂၀၂၅
မြန်မာ့သွေး မြန်မာ့မာန်နဲ့ မြန်မာ့အလံကို အမြဲလွှမ်းခြုံတတ်သူ မြန်မာ့ကိုယ်စားပြု Joshua Van ဟာ UFC ဖလိုင်းဝိတ်တန်းမှာ ထွန်းတောက်လာတဲ့ မြန်မာ့အလင်းလက်ဆုံး ကြယ်ပွင့်တစ်ပွင့်အဖြစ် သူ့ရဲ့နေရာကို ခိုင်မာအောင် လုပ်ပြနိုင်ခဲ့ပါပြီ။
ပိုပြီး လင်းလက်စေခဲ့တာကတော့ Van ဟာ UFC ဖလိုင်းဝိတ်တန်းရဲ့ အဆင့် (၁) နေရာက Brandon Royval နဲ့ မထိုးသတ်ခင် ဒီ ရက်ပိုင်းအတွင်း ဇွန် ၂၆ ရက်က သတင်းစာရှင်းလင်းပွဲမှာ UFC Boss ဖြစ်တဲ့ Dana White က Royval နဲ့ Van ပွဲမှာ အနိုင်ရသူ ဖလိုင်းဝိတ်ချန်ပီယံ စိန်ခေါ်ခွင့်ရမယ်လို့ ကမ္ဘာတစ်ခွင်သိအောင် ပြောခဲ့သလို အချိန်တိုနဲ့ ချန်ပီယံခရီးကို အမြန်ဆုံးသွားရမယ့် ဒီအခွင့်အရေးကို Van ကလည်း လက်လွတ်မခံဘဲ အရယူနိုင်ခဲ့လို့ပါ။

◾ အခွင့်အရေးကို အမိအရ ဆုပ်ကိုင်ခြင်း
မူလကတော့ ဗန်ဟာ UFC 316 မှာ Bruno Silva ကို အလဲထိုးနဲ့ အနိုင်ယူပြီး မိခင်အတွက် Surprise အဖြစ် အိမ်ဝယ်ပေးဖို့ အာရုံစိုက်နေခဲ့တာပါ။ ဒါပေမယ့် UFC 317 မှာ ထိုးသတ်မဲ့ Brandon Royval ရဲ့ မူလပြိုင်ဘက် Manel Kape ဒဏ်ရာရရှိသွားတဲ့အတွက် ဗန်ဟာ Short Notice (ရုတ်တရက်) နဲ့ပဲ Royval နဲ့ ဝင်ရောက်ယှဉ်ပြိုင်ဖို့ အခွင့်အရေး ရခဲ့ပါတယ်။
ဒီလိုမျိုး နာမည်ကြီးပြီး အတွေ့အကြုံရှိတဲ့ ပြိုင်ဘက်ကို ရုတ်တရက်ဝင်ထိုးရတာဟာ တော်ရုံတန်ရုံ တိုက်ခိုက်ရေးသမားအတွက် မလွယ်ကူတဲ့ ကိစ္စရပ်တစ်ခုပါ။ ဒါပေမယ့် Van ကတော့ အနားယူချိန်မရှိဘဲ ၂၁ ရက်သာအချိန်ရတဲ့ကြားက ဒီအခွင့်အရေးကို ရဲရဲဝံ့ဝံ့ ဆုပ်ကိုင်ခဲ့ပြီး သူ့ရဲ့ အရည်အချင်းကို သက်သေပြခဲ့ပါတယ်။

◾ Royval ကို ဘယ်လို ကျော်ဖြတ်ခဲ့လဲ
ဒီနေ့ပွဲမှာဆိုရင် Van ရဲ့ ထုံးစံအတိုင်းပဲ သူ ခက်ခက်ခဲခဲတောင်းဆိုပြီးမှ ခြုံခွင့်ရလာတဲ့ မြန်မာ့အလံကို သူခြုံပြီး ဝင်လာခဲ့ပြီး ပေါ့ပေါ့ပါးပါး ဖိအားမရှိတာကို ကမ္ဘာ့လူဦးရေသန်းနဲ့ချီက မြင်ခွင့်ရခဲ့ပါတယ်။
ပထမအချီ ပွဲအစမှာ Van ဟာ သူအားသာတဲ့ Stand Fight ကို ခြေခင်းထားပြီး အကဲစမ်းနေခဲ့ပါတယ်။ မကြာခင်မှာ Van ကို အရေးနိမ့်တော့မယ်ဆိုတာ မသိတဲ့ Royval ကတော့ အရပ် လေးလက်မသာတာနဲ့ လက်တံသက်ရောက်မှု သုံးလက်မပိုတာကို အခွင့်ကောင်းယူပြီး အရပ်အမောင်းနိမ့်မှုအရ သူ့လက်တစ်ကမ်းမှာရှိနေတဲ့ Van ရဲ့ မေးရိုးကို မကြာခဏ ထိုးနေခဲ့ပါတယ်။ Van က တည်တည်ငြိမ်ငြိမ်ပါပဲ။ လမ်းသူရဲဆန်ဆန်ထိုးနေတဲ့ Royval ကို အမဲလိုက်ဖို့ မဆုတ်တမ်းခြေနဲ့ ဖိုက်တာဖွင့်ထိုးဖို့လုပ်နေခဲ့ပါတယ်။ ပွဲအစကတည်းက အကဲစမ်းလက်သီးဆယ်လုံးလောက်ပစ်သွင်းနေတဲ့ Royval ကို Van က ဘယ်ညာတွဲလုံးတွေ ဆက်တိုက်ပစ်သွင်းနေခဲ့ပါတယ်။ ပိုဆိုးတာကတော့ အနီးကပ်ဝင်ထိုးတဲ့ Van ကို Royval ဟာ အဖြေထုတ်ရခက်နေပြီး ပထမအချီအစမှာတင် Royval နှာခေါင်းသွေးလျှံသွားခဲ့ပါတယ်။ ဒီပထမအချီမှာ Van က သိသိသာသာကို အသာရသွားခဲ့ပြီး Van ဟာ Royval ရဲ့ အရှိန်အဝါကို လျှော့ချနိုင်ဖို့ ကြိုးစားခဲ့မှု အောင်မြင်ခဲ့သလို တန်ပြန်ထိုးနှက်ချက်တွေနဲ့လည်း Royval ကို ဖိအားပေးနိုင်ခဲ့ပါတယ်။
ဒုတိယအချီမှာတော့ Van ဟာ ပိုပြီး အရှိန်ရလာခဲ့ပါတယ်။ သို့ပေမဲ့ ဒုတိယအချီအစမှာတော့ Van ဟာ အရပ်ပုနေခဲ့လို့ သူ့ လက်တံက Royval ကို ထိုးချက်မိအောင် ကပ်နေခဲ့တာက Royval အကြိုက်ဖြစ်သွားပြီး မျက်နှာကို ထောက်လက်သီးတွေ မကြာခဏ ထိနေခဲ့ပါတယ်။ ဒါပေမဲ့ Van က ဒုတိယအချီမှာ Royval ကို မျက်လုံးပိတ်အောင် ထိုးနိုင်ခဲ့သေးပေမဲ့ ထိချက်ထိုးချက်သာသွားတာက Royval ပါ။ Stand Fight ပုံစံ အပျက်မခံဘဲ သူ့ကို စိတ်ရှည်ရှည်နဲ့ လိုက်ထိုးနေတဲ့ Van ကို ဖတ်တတ်သွားတဲ့ Royval က ဖိအားပေးထိုးနိုင်ခဲ့လို့ ဒုတိယအချီ Van သာသွားခဲ့ပါတယ်။

တတိယအချီမှာတော့ Van က အပြတ်အသတ် အသာစီးရခဲ့ပါတယ်။ ပွဲကို အနိုင်ရဖို့ လိုအပ်တဲ့ အမှတ်တွေရအောင် စနစ်တကျ ထိုးသတ်နိုင်ခဲ့ပါတယ်။ သူဟာ Royval ကို လှုပ်ရှားမှုတွေ ပိုမိုနည်းပါးအောင် ထိန်းချုပ်ထားနိုင်ခဲ့ပြီး ထိရောက်တဲ့ ပေါင်းစပ်ထိုးချက်တွေ (Combinations) နဲ့ ထပ်မံပြီး ထိုးနှက်ခဲ့ပါတယ်။ ဒီအချီမှာ သိသာသွားတာက Van ရဲ့လက်သီးချက်တွေကြောင့် နှာခေါင်းသွေးလျှံ၊ မျက်လုံးနှစ်ဖက်ပိတ်လုပိတ်ခင်ဖြစ်နေတဲ့ Royval က ထိုးအားကျသွားပြီး Van ရဲ့ အောက်ခြေကန်ချက်နဲ့ တွဲလုံးတွေကို သူမရှောင်နိုင်ခဲ့ဘဲ မျက်နှာတစ်ခုလုံး နီရဲစုတ်ပြတ်နေပါတယ်။ Van လည်း မျက်နှာထိပေမဲ့ ကွဲထားတာမရှိတော့ Royval က အထိနာတာ သိသာနေခဲ့ပြီး သူ သုံးခါလောက် ဖင်ထိုင်ကျခဲ့ပါတယ်။ ရှေ့အကြိမ်တွေ ဖင်ထိုင်ကျနေပေမဲ့ Van က အရမ်းကာရောဝင်မလုံးဘဲ အမှားစောင့်နေခဲ့ပြီး ပွဲပြီးလုအချိန် Van ရဲ့ ညာဖြောင့်ပင့်လက်သီးက မေးရိုးကို ပြင်းပြင်းထန်ထန်ထိပြီး ဖင်ထိုင်ကျသွားချိန်မှာ Van က အပေါ်စီးကနေ Ground and Pound ပေါင်းပြီး တရစပ်ထိုးသတ်ခဲ့ပေမဲ့အ ချိန်ပြည့်သွားလို့ အလဲထိုးအနိုင်မရခဲ့တာပါ။ ဒါပေမဲ့ ဒီထိုးသတ်ချက်ကြောင့်ပဲ ဒိုင်အားလုံးက Van ကို အနိုင်ပေးခဲ့တာပါ။
ဒီနေ့ပွဲမှာ Van ဟာ တစ်ချိန်လုံး Stand Fight ကို အပျက်မခံဘဲ သူ့လက်သီးချက်တွေဟာ ဦးခေါင်းယောင်ယမ်းမှုဒဏ်ရာတွေက ပြန်လာတဲ့ Royval ရဲ့ ဦးခေါင်းပိုင်းကို အချိန်ပြည့်ထိုးနေခဲ့တာပါ။ ဒါဟာ MT News က သုံးသပ် မျှော်လင့်ခဲ့တဲ့ ထိုးနှက်ချက်ဖြစ်ပြီး Van ရဲ့ဗျူဟာကို Royval မကျော်နိုင်ခဲ့ပါဘူး။

◾ အားလုံးကို Shock ရစေခဲ့တဲ့ Van
ပွဲအပြီးမှာတော့ Joshua Van က သူဟာ Bruno Silva နဲ့ ပွဲမှာ ခြေချောင်းရိုးကျိုးထားတယ်လို့ ပရိသတ်ကို ပြောခဲ့လို့ အံ့အားသင့်စရာဖြစ်ခဲ့ပါတယ်။
ကိုယ့်ထက် Ranking မြင့်တဲ့ UFC ဖိုက်တာ Bruno Silva ကို အလဲထိုးတယ်။ ခြေချောင်းရိုးကျိုးတယ်။ သုံးပတ်ပဲအနားရတယ်။ ဒဏ်ရာမရှိဘူးပြောပြီး No.1 Contender ဖြစ်တဲ့ Brandon Royval ကို Unanimous Decision နဲ့ အနိုင်ယူပြီး UFC ဖလိုင်းဝိတ်တန်းရဲ့ ကမ္ဘာ့ချန်ပီယံရွှေခါးပတ်ကို စိန်ခေါ်ဖို့ သူလုပ်ပြနိုင်ခဲ့ပါတယ်။
ကျေနပ်စရာကောင်းတာကတော့ Van နဲ့ Royval ပွဲဟာ Van ဆုမရခဲ့ပေမဲ့ နှစ်ဦးစလုံးခွဲယူရမယ့် Fight of the Night အဖြစ် Van ပြောခဲ့တဲ့အတိုင်း အကောင်းဆုံးဆု ရခဲ့တာပါ။

Van ပွဲအပြီး ဆက်ထိုးတဲ့ ဖလိုင်းဝိတ်ချန်ပီယံ Pantoja နဲ့ Kai Kara France တို့ပွဲမှာ Kia က Rear Nake Choke မိပြီး အရှုံးပေးလိုက်တာကြောင့် Van နဲ့ Pantoja ကို Dana White က အဋ္ဌဂံကွင်းလယ်မှာ ပွဲတည်ပေးခဲ့လို့ ဒီနှစ်ထဲမှာပဲ Van ဟာ UFC ဖလိုင်းဝိတ်တန်းရဲ့ ချန်ပီယံစိန်ခေါ်ခွင့် ရလာခဲ့ပြီဖြစ်ပါတယ်။
မြန်မာလူမျိုးတစ်ယောက်ဟာ UFC လို ကမ္ဘာ့နံပါတ် (၁) UFC စင်မြင့်ထက်မှာ မြန်မာ့အလံကိုခြုံပြီး ချန်ပီယံရွှေခါးပတ်စိန်ခေါ်ခွင့် ရလာမယ်၊ မြင်ရမယ်ဆိုတာ အိပ်မက်တောင် မမက်ဖူးခဲ့တာကို အနောက်နိုင်ငံစံနှုန်းအရ လူပုလေးသာဖြစ်တဲ့ ဟားခါးချင်းလေး Joshua Van က လုပ်ပြနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒါဟာ Van အတွက်၊ ဘက်စုံနိမ့်ကျနေတဲ့ မြန်မာနိုင်ငံအတွက် ဂုဏ်ယူစရာဖြစ်သလို Van ဟာလည်း သန်းကြွယ်သူဌေးဖြစ်တော့မှာမို့လို့ ပိုကြည်နူးရပါသေးတယ်။

ဘာကြောင့် သန်းကြွယ်သူဌေးလို့ပြောရလဲဆိုရင် UFC မှာ ခြောက်ပွဲဆက်တိုက် နိုင်ထားတဲ့ Van ဟာ တစ်ပွဲထိုးကြေးက ဒေါ်လာ ၁ သိန်းနဲ့ ၂ သိန်းကြား ပျမ်းမျှရနိုင်တယ်လို့ ခန့်မှန်းမှုတွေကြောင့်ပါ။ ရှေ့က ဒီ ခြောက်ပွဲရဲ့ အနိုင်ထိုးသတ်ကြေးတွေအပြင် လာမယ့် ချန်ပီယံစိန်ခေါ်ပွဲအတွက်လည်း ထိုးသတ်ကြေးကတင် ဒေါ်လာ ငါးသိန်းအောက် ရနိုင်သလို တခြား PPV ခံစားခွင့်တွေ၊ အနိုင်ထိုးနိုင်ရင်ရလာမယ့် အနိုင်ထိုးသတ်ကြေးတွေ၊ ဘောနပ်စ်ဆုကြေးတွေ၊ စပွန်ဆာကြေးတွေဟာ ရှေ့ပွဲတွေထက် နှစ်ဆလောက် သိသိသာသာများလာမှာမို့လို့ ချန်ပီယံလုပွဲအပြီးမှာ Van ဟာ ရှုံးရှုံးနိုင်နိုင် ဝင်ငွေအရ သေချာပေါက် သန်းကြွယ်သူဌေးဖြစ်လာတော့မှာမို့လို့ မြန်မာ့ဂုဏ်ဆောင်သူရဲ့ ပိုမိုမြင့်မားလာတဲ့ ဘဝအဆင့်အတန်းနဲ့ ဝင်ငွေကို Van ကို ချစ်ခင်အားကျ လေးစားသူတွေ မုဒိတာပွားနိုင်အောင်လည်း တွက်ချက်ပြပေးလိုက်ရပါတယ်။

