၂၇ .၆.၂၀၂၅
Written by Hey Mar
မွေးစားမိဘတွေ နှိပ်စက်မုဒိမ်းကျင့်လို့ ချူခြာဘဝပျက်ရတဲ့ ပဲခူးရိုးမ တောင်ပေါ်ဒေသက အသက်ငါးနှစ်အရွယ် မီးငယ်လို့ နာမည်လွှဲတပ်ထားတဲ့ သမီးငယ်ရဲ့ အမှုကို ဒီနေ့ ဇွန်လ ၂၇ ရက်နေ့မှာ အပြီးသတ်စီရင်ချက် အုတ်တွင်းခရိုင်တရားရုံးက ချမှတ်ခဲ့ပြီး တရားခံနှစ်ဦးအနက် မွေးစားအဖေကို ထောင်တစ်သက် လွှတ်ရက်မရှိ ပြစ်ဒဏ်အပြင် ထောင်ထဲသေဆုံးခဲ့ရင်တောင် နောက်ထပ် ၂၇ နှစ် ပြစ်ဒဏ် ထပ်မံခံရမှာဖြစ်တဲ့ ပြစ်ဒဏ်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။
ကွယ်လွန်သူမီးငယ်(အသက်၅နှစ်) ကို မွေးစားအဖေက အိမ်မှာတစ်ခါ တောထဲမှာတစ်ခါ ပြုကျင့်ကြောင်း၊ ထမင်းခိုးစားလို့ဆိုကာ မျက်နှာကိုဓါးနဲ့ ခုတ်ကြောင်း၊ ပါးစပ်ထဲကိုရေနွေးပူလောင်းထည့်ကြောင်း၊ လက်ကို မီးနဲ့ ရှို့ကြောင်း၊ ထမင်းအငတ်ထားကြောင်း ၊ မျက်နှာကိုလက်သီးနဲ့ထိုးတာကြောင့် သွားတွေကျိုးပြီးသွားဖုံးတွေကွဲသွားကြောင်းစသဖြင့် ပြောပြပြီး မွေးစားအမေကလည်း လင်ယောက်ျားဖြစ်သူ နှိပ်စက်မှု ပြုနေတာကို မသိကျိုးကျွံပြုတာ၊ ပူးပေါင်းနှိပ်စက်တာတွေပြုလုပ်ခဲ့တာကြောင့် ကလေးမှာ မြင်သာတဲ့ ဒဏ်ရာတွေအပါအဝင် ဒဏ်ရာအမြောက်အများ ရရှိထားတာကို တွေ့မြင်ရသလို စိတ်ဒဏ်ရာအပါအဝင် နှိပ်စက်ခံထားရတဲ့ ဒဏ်တွေကြောင့် ကိုယ်တွင်းကလီစာတွေလည်း ပျက်စီးကာ ကျောက်ကပ်ပျက်စီးတဲ့ ဝေဒနာနဲ့ လွန်ခဲ့တဲ့ ခြောက်လ ဒီဇင်ဘာ ၂၇ ရက်က တောင်ငူဆေးရုံကြီးမှာ သေဆုံးခဲ့တာလည်း ဖြစ်ပါတယ်။
မုဒိန်းကျင့် နှိပ်စက်ခဲ့တဲ့ မွေးစားဖခင် တရားခံတင်ဇော်၀င်းကို ပုဒ်မ၃၇၆(၃) အရထောင်ဒဏ်တသတ်လွတ်ရက်မရှိကျခံစေရန်နဲ့ ပုဒ်မ၃၂၆(၃)အရ ထောင်ဒဏ် ၂၀နှစ်( သီးခြားစီကျခံစေရန်)၊ ပုဒ်မ ၃၂၅(၃)အရ ထောင်ဒဏ်၇ နှစ် (သီးခြားစီကျခံစေရန်) အုတ်တွင်းခရိုင်တရားရုံးက အမိန့်ချမှတ်ခဲ့သလို အမှုမှာ ကြံရာပါအားပေးကူညီသူ မွေးစားအမေ တရားခံ တင်ဇော်ဝင်းရဲ့ဇနီး တရားခံ ပိုပိုချစ်ကိုလည်း ပုဒ်မ၃၂၆(၃)အရ ထောင်ဒဏ် ၂၀နှစ် (သီးခြားစီကျခံ စေရန်)နဲ့ ပုဒ်မ ၃၂၅(၃)အရ ထောင်ဒဏ် ၇ နှစ် (သီးခြာစီကျခံစေရန် အုတ်တွင်းခရိုင်တရားရုံးက အမိန့်ချမှတ်လိုက်တယ်လို့ အမှုကို လိုက်ပါကူညီဆောင်ရွက်ပေးနေတဲ့ တောင်ငူအခြေစိုက် Save The Trees Rescue Team မှ ကိုကျော်သူရက ဆိုပါတယ်။
ကိုကျော်သူရက “သူတို့အမှုကို သူတို့ဘက်ကလိုက်ပေးတဲ့ ရှေ့နေတောင်မရှိလို့ အယူခံဝင်ဖို့လည်း မဖြစ်နိုင်ဘူး။ အခုလို ပြစ်ဒဏ်အပေါ်မှာလည်း မီးငယ်လေးကိုယ်စား ကျေနပ်လက်ခံပါတယ်။ ဖြစ်သင့်တဲ့ ပြစ်မှုပြစ်ဒဏ်ပါ”လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။
မီးငယ်မိသားစုတို့ဟာ ဥပဒေစိုးမိုးမှုနဲ့ အလှမ်းကွာနေတဲ့ ပဲခူးရိုးမထဲက ရွာငယ်မှာ နေထိုင်တာပါ။ တရားမဝင် သစ်မှောင်ခိုတွေနဲ့ ရွာမှာ ကြီးပွားဩဇာရှိနေတဲ့ တရားခံမိသားစုဆီမှာ မီးငယ်အဖေက အလုပ်လုပ်ကိုင်တာပါ။ မီးငယ်တို့မှာ မောင်နှမ နှစ်ဦးရှိပြီး မီးငယ်ရဲ့ အမေကလည်း လင်ယောက်ျား နှိပ်စက်မှုဒဏ် မခံနိုင်လို့ မီးငယ်တို့ မောင်နှမကို ထားပစ်ခဲ့ပြီး ထွက်သွားခဲ့တာဖြစ်ပါတယ်။ ဖခင်နဲ့ကျန်ရစ်ခဲ့တဲ့ မောင်နှမနှစ်ဦးကို ဖခင်ဖြစ်သူက သူ့အလုပ်ရှင် တင်ဇော်ဝင်းတို့ လင်မယားဆီက ငွေကြေးရယူကာ မွေးစားဖို့ ပေးခဲ့ပြီး ထွက်သွားခဲ့ရာက မီးငယ်တို့ မောင်နှမအတွက် အခုလို ကံကြမ္မာဆိုးလည်း စတင်ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။
မီးငယ် မကြာခဏ နေမကောင်းဖြစ်ကြောင်း၊ ဆေးရုံတင်ရကြောင်းသတင်းတွေ ကြားရတဲ့ အဖိုးဖြစ်သူက မရမက မြေးဖြစ်သူကို သွားတွေ့ရာကနေ ကလေးအခြေအနေကို မြင်တွေ့ရပြီး ရွာကနေ တိတ်တဆိတ် တောင်ငူကို ထွက်လာကာ လူမှုကူညီရေးအသင်းထံ အကူအညီတောင်းရာက Save The Trees Rescue Team က အကူအညီပေးနိုင်ခဲ့လို့ အခုလို ပြစ်မှုကျူးလွန်သူတွေကို ထိရောက်တဲ့ ပြစ်ဒဏ်ချမှတ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။




