




၂၄.၆.၂၀၂၅
Written By Thandar
အောင်ခေတ်မင်း ထုတ်လုပ်ရေးက အချစ်၊ ဒရာမာ ပညာပေးဇာတ်လမ်းပုံစံ “အဆိပ်” ရုပ်ရှင်ဇာတ်ကားကြီး Premiere Show ပွဲအခမ်းအနားကို ယနေ့ ဇွန်လ ၂၄ ရက် ညနေပိုင်းက ရန်ကုန်မြို့ သမ္မတအဆင့်မြင့်ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။
“ကျွန်တော့်အနေနဲ့ ဒါရိုက်တာ အနေနဲ့ ရုပ်ရှင်ရိုက်ဖြစ်တာဆိုရင် ချူဆီ၊ ချူဆီ၂ ရယ် ကိုယ်ပွား နောက် တစ်ကားက မထွက်သေးပါဘူး။ ၄ ကားမြောက် ရုပ်ရှင်ဇာတ်ကားလို့ ပြောလို့ရပါတယ်။ လွန်ခဲ့တဲ့ ၅ နှစ်ကျော်လောက်ကတည်းက ရိုက်ခဲ့တဲ့ကားပါ။ ကျွန်တော်က ရို့မန့်တွေ အချစ်တွေ အမှန်တွေ အမှားတွေနဲ့ ချာတိတ်တွေနဲ့ ဇာတ်တွေရိုက်ရတာကို ကြိုက်တယ်။ လူငယ်တွေဖြစ်နေတာကို ရိုက်ပြရတာကြိုက်တယ်” လို့ ဒါရိုက်တာ မင်းဦးက ပြောပါတယ်။
အဆိုပါ ဇာတ်ကားကို စာရေးဆရာမ လွန်းထားထားရဲ့ဝထ္တုကို ဇာတ်ညွှန်း မိုနီလွင်က ရေးသားပြီး ဒါရိုက်တာ အကယ်ဒမီ မင်းဦးက ရန်ကုန်၊ ငွေဆောင်စတဲ့နေရာတွေမှာ ၂၀၁၉ ခုနှစ်က ရိုက်ကူးပုံဖော်ခဲ့တာလည်းဖြစ်ပါတယ်။
သရုပ်ဆောင်တွေဖြစ်တဲ့ ကျော်ထက်အောင်၊ ကျော်ထက်ဇော်၊ မယ်လိုဒီ၊ အေးဝတ်ရည်သောင်းနဲ့ နန်းဆု ဦး၊ သန်းသန်းစိုးနဲ့ အခြားသရုပ်ဆောင်များစွာအပြင် ဧည့်သည်သရုပ်ဆောင် အကယ်ဒမီ မျိုးသန္တာထွန်း၊ ဖြိုးပြည့်စုံတို့လည်း ပါဝင်ထားကြပါတယ်။
“အဆိပ်”ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် ဇွန်လ ၂၇ ရက်နေ့မှာ မြန်မာတစ်ပြည်လုံးရှိ အဆင့်မြင့် ရုပ်ရှင်ရုံကြီးတွေမှာ ရုံတင်ပြသမှာဖြစ်ပါတယ်။
