
၂၄. ၆. ၂၀၂၅
Translated by Thettant
မြန်မာအစိုးရက တရားမဝင် လိုင်စင်မဲ့ကားများ ဖမ်းဆီးနေမှုကြောင့် မြန်မာနိုင်ငံဘက်သို့ မှောင်ခိုတင်ပို့နေသည့် ဂျပန်ကားဟောင်းများ ထိုင်းနယ်စပ်ဘက်ခြမ်းတွင် ကားအစီး ရာနှင့်ချီ ပိတ်မိနေသည်ဟု ထိုင်းသတင်းဌာနများက ဖော်ပြသည်။
ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ မယ်ဟောင်ဆောင်ပြည်နယ်၊ ဘန်ဟွေ့ဖူအန်း နယ်စပ်ဖြတ်ကျော်ဂိတ်မှတစ်ဆင့် ကားတင်ပို့မှုများ လုံးဝရပ်တန့်သွားခဲ့ရာ လက်ရှိတွင် တင်ပို့ရန် ကားရာပေါင်းများစွာသည် ဘန်နမ်နာနှင့် ဘန်ဟွာမောင်း ထိုင်းနယ်စပ်မြို့များတွင် ပိတ်မိနေသည်။

ယနေ့ ဇွန်လ ၂၄ ရက်နေ့တွင် မယ်ဟောင်ဆောင်ရှိ အကောက်ခွန်သတင်းရင်းမြစ်များအရ မြန်မာအစိုးရက နိုင်ငံတော်အခွန် မဆောင်ရသေးသည့် မှတ်ပုံတင်မထားသော မော်တော်ယာဉ်အားလုံးကို သိမ်းဆည်းရန် အမိန့်ထုတ်ပြန်ပြီးနောက် ထိုင်းနိုင်ငံ၏ တရားမဝင် နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုမှာ အကြီးအကျယ် ထိခိုက်ခဲ့သည်။
ထို့အပြင် အဆိုပါ ညွှန်ကြားချက်ကြောင့် ပြီးခဲ့သည့် နှစ်ပတ်အတွင်း ဂျပန်မှ ထိုင်းနိုင်ငံကိုဖြတ်၍ မြန်မာနိုင်ငံသို့ တင်ပို့သော တစ်ပတ်ရစ်ကားများ တင်ပို့မှု လုံးဝ ရပ်ဆိုင်းသွားခဲ့သည်။

မယ်ဟောင်ဆောင်အုပ်ချုပ်ရေးမှူး အက်ခဝစ် မီးပီယန်သည် သက်ဆိုင်ရာအေဂျင်စီများနှင့်အတူ ဂျပန်မှ မြန်မာသို့ ထိုင်းနိုင်ငံကိုဖြတ်၍ တင်ပို့သည့် တစ်ပတ်ရစ်ကားတင်ပို့မှုလုပ်ငန်းများကို မကြာသေးမီက စစ်ဆေးခဲ့ပြီး အေဂျင်စီများအားလုံး ၎င်းတို့၏တာဝန်များကို မှန်ကန်စွာ ထမ်းဆောင်ရန် လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့သည်။
Ref, Khaosod
