
၂၄.၆.၂၀၂၅
Written By Zun
ရခိုင်ပြည်နယ်ရှိ AA စိုးမိုးသည့်နယ်မြေများ လေကြောင်းဖြင့် ရှင်းလင်းခံနေရ၍ မြေပြင်တွင် အထိ နာနေကြောင်း MT News က စုံစမ်းသိရသည်။
“အွန်လိုင်းနဲ့ မြေပြင်မတူဘူး။ အွန်လိုင်းမှာ ရေးချင်သလို ရေးမနေကြနဲ့လို့ပဲ ပြောချင်တယ်။ ကိုယ်တွေဘက်မှာက ခံနေရတယ်။ ဒီရက်ပိုင်းက တအားဆိုးတယ်။ ကြဲတာ ဆက်တိုက်”ဟု ရခိုင်ပြည်နယ်နှင့် မကွေးတိုင်းဒေသကြီး နယ်စပ်ဒေသနေသူများနှင့် ဆက်သွယ်မေးမြန်းချက်ကို ကိုးကား၍ MT News ၏ သတင်းရင်းမြစ်က ပြောသည်။
ရခိုင်ဒေသတွင်း AA ဘက်လိုက် မီဒီယာများတွင်လည်း AA ထိန်းချုပ်စိုးမိုးရာ ဒေသများ၌ တပ်မတော်က လေကြောင်းရှင်းလင်းရေးလုပ်နေသည်ကို အတိအလင်းဖော်ပြလာကြသည်ကို တွေ့ရသည်။အဆိုပါ မီဒီယာများတွင် တပ်မတော်အနေဖြင့် AA ထိန်းချုပ်ရာ မြို့နယ်များရှိ တပ်စခန်းဟောင်း၊ ရဲစခန်း များဟောင်းနေရာများကို လေကြောင်းတိုက်ခိုက်မှု ခပ်စိပ်စိပ်လုပ်လာနေကြောင်း ရေးသား ဖော်ပြလျက် ရှိသည်ကို တွေ့ရသည်။
၎င်းတွင် ပုဏ္ဏားကျွန်းမြို့နယ်အတွင်း တပ်စခန်းဟောင်း ခမရ-၅၅၀ တပ်ရင်းနေရာကို ဇွန်လ ၂၂ ရက် ညအချိန်ကလည်းကောင်း၊ မင်းပြားမြို့နယ်ထဲမှ စစ်ကောင်စီတပ်စခန်းဟောင်း ခမရ- ၃၈၀ တပ်ရင်းနေရာကို ဇွန်လ ၂၁ ရက်ကလည်းကောင်း လေကြောင်းရှင်းလင်းခြင်း ခံခဲ့ရကြောင်းလည်း ဖော်ပြနေကြသည်။
ယင်းအပြင် မောင်တောမှ နခခ-၁၊ နခခ-၂၊ နခခ-၆၊ ပြင်ဖြူနယ်မြေရဲစခန်း၊ မြောက်ဦးမှ အမှတ်(၃၁) ရဲတပ်ရင်း၊ မင်းပြားမှ ခမရ-၃၈၀၊ ကျောက်တော်မှ ခမရ-၃၇၅၊ မြို့မရဲစခန်း၊ ပုဏ္ဏားကျွန်းမှ ခမရ-၅၅၀ တပ်ရင်းဟောင်း နေရာများလည်း ပါဝင်ကြောင်း သိရသည်။
“ကျွန်တော်တို့ ရခိုင်ပြည်နယ်မှာ ကံကြမ္မာက မကောင်းတဲ့ဘက်ကို ရောက်နေတယ်။ အခုဆိုရင် ရခိုင်ပြည်နယ် တောင်ပိုင်းဒေသဖြစ်တဲ့ တောင်ကုတ်၊ သံတွဲမှာ မြောက်ပိုင်းက ရခိုင်တွေကြောင့် တော်တော် အခက် ကြုံနေကြရတာ။ ဒါပေမဲ့ ဘယ်သူမှ အသံ မထွက်ရဲဘူး။ AA ကို ကြောက်လို့။ လက်ရှိမှာ တောင်ကုတ်မြို့တွင်းမှာဆိုရင် အရက်ဆိုင်တွေ ပေါလိုက်တာမှ၊အရက်သမား၊ မူးယစ်ဆေးသမားတွေ ဖြစ်ကုန်ပြီ။ ကျန်နေခဲ့တဲ့ မြို့ခံတွေက နည်းနည်းပဲ ရှိတော့တာကြောင့် မြောက်ပိုင်း AA ရခိုင်တွေက ကြီးစိုးနေပြီး လုံခြုံမှု မရှိဘူး။ သက်ဆိုင်ရာအနေနဲ့ တစ်ခုခု လုပ်ပေးစေချင်တယ်”ဟု တောင်ကုတ်မြို့ခံ တစ်ဦးက MT News ကို ရင်ဖွင့် ပြောပြသည်။
