
၂၄. ၆. ၂၀၂၅
Written by Phyo Wei
ပြည်တွင်းမှာရှိနေပြီး နီးရာဓားကြောက်ရတဲ့ ပြည်သူတွေကိုသာ လှုံ့ဆော်ဆန္ဒပြဖို့ ဖိအားပေးနေပြီး ခိုင်းသလိုမလုပ်ရင် သူလျှို၊ ဒလန် စွပ်စွဲ သတ်ဖြတ်ခိုင်းနေကြတဲ့ ပြည်ပရောက် ထောက်ပို့အုပ်စုထဲက တစ်စုဖြစ်တဲ့ ကဗျာဆရာတင်မိုးရဲ့သမီး မိုးချိုသင်းနဲ့ ခင်ပွန်းဖြစ်သူ ကိုကျော်ဝဏ္ဏတို့ ဦးဆောင်တဲ့ PDF ထောက်ပို့အဖွဲ့ဟာ ဇွန်လ ၁၉ ရက်မှာ အသက် ၈၀ ပြည့်မယ့် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ပွဲအတွက် လော့စ်အိန်ဂျယ်မြို့ Long Beach ကမ်းခြေမှာ လော့စ်အိန်ဂျယ်နေ မြန်မာပြည်ဖွားတွေကို လူတစ်ဦး ဒေါ်လာ ၅၀ ကောက်ပြီး ဇွန်လ ၁၅ ရက်နေ့မှာ သုံးမိုင်လမ်းလျှောက်ကြမယ်၊ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ ဒုဝန်ကြီးဦးမိုးဇော်ဦးတို့ တက်မယ်လို့ စုရုံးခဲ့ကြပေမဲ့ အမေရိကန်မှာ ဖြစ်ပွားနေတဲ့ ဆန္ဒပြပွဲတွေကြောင့် လမ်းလျှောက်သူမြန်မာတွေကို အမေရိကန်အစိုးရက ဗီဇာပိတ်သိမ်းမှာကြောက်လို့ မလုပ်ရဲကြတော့တာကြောင့် ဒေါ်ဇင်မာအောင်တို့လူစုဟာ ဇွန်လ ၁၄ ရက်ညပိုင်းမှာ ကယ်လီဖိုးနီးယားက 1842 Valinda Ave, La Puente, CA 91744 မှာ ပြုလုပ်တဲ့ တောင်ပိုင်းမိသားစုတွေ့ဆုံပွဲမှာ ဓာတ်ပုံရိုက်ပြီး ပြန်သွားခဲ့ရတဲ့ ရှက်စရာဖြစ်ရပ်ကို ပြည်သူတွေ တွေ့မြင်ခဲ့ရပါတယ်။
ပြည်ပရောက် ထောက်ပို့တွေဟာ ပြည်သူလှူဒါန်းငွေကို ကိုယ်ကျိုးရှာ ခိုးယူသုံးစွဲမှုတွေနဲ့ နာမည်ပျက်နေသလို ပြည်တွင်းနေသူတွေကို ပန်းပန်ခိုင်း၊ လက်သုံးချောင်းထောင်ခိုင်း၊ Silent သပိတ်လုပ်ခိုင်း၊ ဆိုင်ပိတ်ခိုင်း စသလို မြှောက်ပင့်ခြိမ်းခြောက် ခိုင်းစေနေပြီး မလုပ်ရင် သူလျှို၊ ဒလန်လို့ စွပ်စွဲ သတ်ဖြတ်ခိုင်းနေပေမဲ့ သူတို့အလှည့်မှာတော့ လွတ်ကင်းရာ အမေရိကန်မှာ နာမည် ကြီးအောင် လမ်းလျှောက်ဖို့ကိုတောင် ကိုယ်ကျိုးစီးပွားထိခိုက်မှာစိုးလို့ မလုပ်ရဲတာ ပြည်တွင်းက မြှောက်ပင့်ခိုင်းစေခံ ဆန္ဒပြသူတွေ သိမြင်နားလည်သင့်ပြီဆိုတာ ဒီတစ်ပတ်မှာ တွေ့ခဲ့ရပါတယ်။
အခြားတစ်ဖက်မှာလည်း CRPH, NUG နဲ့ PDF တို့က နိုင်ငံ့ဝန်ထမ်းတွေကို အရေးယူမှုနဲ့ ဆရာဆရာမတွေကို သတ်ဖြတ်မှုပြုနေပေမဲ့ ဗိုလ်နဂါးရဲ့ BNRA က ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍကို အနှောင့်အယှက်မပေးဘူးလို့ ကြေညာလာတာ၊ ညောင်ဦးမှာ PDF ခြိမ်းခြောက်မှုကြောင့် တက္ကသိုလ်ဝင်စာမေးပွဲမဖြေဘဲ ပြန်သွားရရှာတဲ့ ကျောင်းသားကျောင်းသူကိုးဦးနဲ့ မိဘတွေကို လုံခြုံရေးတပ်ဖွဲ့က စောင့်ရှောက်ဖြေဆိုခိုင်းပေမဲ့လည်း PDF က ထပ်မံခြိမ်းခြောက်လို့ စာမေးပွဲဆက်မဖြေရဲဘဲ နေရပ်ပြန်သွားခဲ့ကြရတဲ့ ရှက်ဖွယ်ကိစ္စတွေရှိခဲ့တာ၊ မုဒိမ်းမှု၊ မူးယစ်မှုတွေနဲ့ “ဝ”လက်နက်ကိုင် UWSA က ထောင်တစ်သက်ချထားတဲ့ တရုတ်နိုင်ငံသားဟာ ထောက်ဖောက်ပြေးတာကြောင့် UWSA က လိုက်လံဖမ်းဆီးကာ ချက်ချင်းသေဒဏ်ချ ကွပ်မျက်လိုက်တာ၊ ရွေးကောက်ပွဲမှာ အသုံးပြုမယ့် မဲပေးစက်တွေကို တိုင်းနဲ့ပြည်နယ်တွေဆီ သယ်ယူပို့ဆောင်မှု ဆောင်ရွက်နေတယ်လို့ UEC ဥက္ကဋ္ဌ ပြောကြားလာတာ၊ တိုက်ပွဲအတွင်း ခြေလက်ပြတ်ကုန်တဲ့ ကိုးကန့်တရုတ် MNDAA စစ်သားတွေကို ဖုန်ကျားရှင်းဖောင်ဒေးရှင်းက ဒုတိယအသုတ် ခြေတုလက်တုလှူတာတွေအပြင် မြန်မာ့ပြည်တွင်းပဋိပက္ခတွေ အဆုံးသတ်ရေးအတွက် အာဆီယံက ဆက်လက်မပါဝင်ရင် အရှက်ရစရာဖြစ်လာမယ်လို့ မလေးရှားဝန်ကြီးချုပ်ပြောကြားလာတာတွေ ရှိပေမဲ့ ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်အဖြစ် နိုင်ငံ့ဝန်ထမ်း ၁၀ သိန်းခန့်ကို အရေးယူချင်တဲ့ CRPH အကြောင်း၊ လေးတန်း၊ ငါးတန်းကျောင်းသားပါမချန် စစ်သားစုတဲ့ PDF တွေအကြောင်းနဲ့ CRPH , NUG, PDF ကို မသိဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ထွက်ဆိုတဲ့အကြောင်းတွေကို သုံးသပ် တင်ပြချင်ပါတယ်။
◾ နိုင်ငံ့ဝန်ထမ်း ၁၀ သိန်းခန့်ကို အရေးယူချင်တဲ့ CRPH
ဖျက်သိမ်းခံ NLD ပါတီ CEC ဟောင်း ဦးအောင်ကြည်ညွန့်ဦးဆောင်တဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ဟာ “အကြမ်းမဖက်အာဏာဖီဆန်ရေး လှုပ်ရှားမှုဆိုင်ရာ နိုင်ငံ့ဝန်ထမ်းဥပဒေ” ကို ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပြီး ဒီဥပဒေမှာ CRPH, NUG နဲ့ PDF တို့ကို လက်မခံတဲ့ လက်ရှိတာဝန်ထမ်းဆောင်နေသူ နိုင်ငံ့ဝန်ထမ်း ၁၀ သိန်းခန့်ကို အရေးယူမယ်လို့ ပြဌာန်းလာတာ တွေ့ရပါတယ်။
ပြည်ပထွက်ပြေးတဲ့ CRPH နဲ့ NUG အုပ်စုဟာ အရင်ကလည်း သူတို့ကို လက်မခံတဲ့ လက်နက်မဲ့ နိုင်ငံ့ဝန်ထမ်းတွေကို CDM မလုပ်လို့၊ သူတို့ကို မထောက်ခံလို့ သူလျှို၊ ဒလန်၊ နစကယန္တရားလည်ပတ်အောင် ပြုလုပ်ပေးသူလို့ စွပ်စွဲပြီး PDF တွေက သတ်ဖြတ်ခိုင်းထားလို့ ဒီလေးနှစ်ကျော်အတွင်းမှာ နိုင်ငံ့ဝန်ထမ်း ၂၀၀၀ ကျော် အပါအဝင် ပြည်သူ ၁၀၀၀၀ လောက် သေဆုံးထားရချိန်မှာ လက်ရှိ မြန်မာပြည်သူလုထုအတွက် ဆက်လက်လုပ်ဆောင်ပေးနေတဲ့ နိုင်ငံ့ဝန်ထမ်းဆယ်သိန်းလောက်ကိုပါ အရေးယူမယ်လို့ CRPH က ဥပဒေ ထုတ်ပြန်လာတာ ဖြစ်ပါတယ်။
CRPH နဲ့ NUG က CDM မလုပ်တဲ့နိုင်ငံ့ဝန်ထမ်းတွေကို အရေးယူမယ်လို့ ထုတ်ပြန်လိုက်ချိန်နဲ့တစ်ပြိုင်နက် PDF တွေဘက်က ဆရာ၊ ဆရာမတွေ၊ နိုင်ငံ့ဝန်ထမ်းတွေကို ဒီရက်ပိုင်းမှာတင် ဆက်တိုက်ဖမ်းဆီးသတ်ဖြတ်မှု အကြိမ် ၂၀ ကျော် ပြုလုပ်ခဲ့တာတွေ့ရပြီး CRPH ရဲ့“အကြမ်းမဖက်အာဏာဖီဆန်ရေး လှုပ်ရှားမှုဆိုင်ရာ နိုင်ငံ့ဝန်ထမ်းဥပဒေ”ကပေးတဲ့ ပြစ်ဒဏ်ဟာ တရားလက်လွတ်သေဒဏ်ဖြစ်နေတာကို တွေ့ရှိခဲ့ရပါတယ်။
ဒီလို CRPH ရဲ့ သေဒဏ်ပေး “အကြမ်းမဖက်အာဏာဖီဆန်ရေး လှုပ်ရှားမှုဆိုင်ရာ နိုင်ငံ့ဝန်ထမ်းဥပဒေ”ကို ပြည်သူလူထုနဲ့ တော်လှန်ရေးအဖွဲ့အစည်းဆိုတဲ့အဖွဲ့တွေကပါ လက်မခံနိုင်ဘဲ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ)က ပြင်းပြင်းထန်ထန်ရှုတ်ချလိုက်သလို လက်ခုပ်သံချူတဲ့ CRPH က ဖြစ်လာသမျှအကျိုးဆက် တာဝန်ခံရမယ်လို့ပါ သတိပေးလိုက်တဲ့အပြင် တက္ကသိုလ်ဆရာသမဂ္ဂများကိုယ်စားပြုကော်မတီ Representative Committee of University Teacher Associations (RC of UTAs) ကလည်း CRPH ရဲ့ လုပ်ရပ်ဟာ အနာဂတ်နိုင်ငံတော်အတွက် အန္တရာယ်ကြီးတဲ့ နိုင်ငံရေးအမြတ်ထုတ်မှုလို့ ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချခဲ့ပါတယ်။ ဒါ့အပြင် မန္တလေး နိုင်ငံရေး စင်္ကြံ ဖြစ်မြောက်ရေးအဖွဲ့ကလည်း CRPH ရဲ့ ဒီထုတ်ပြန်ချက်က ဆိုးရွားနေပြီးသား Non CDM ကျောင်းသားကျောင်းသူတွေနဲ့ ဝန်ထမ်းတွေကို သတ်ဖြတ်နေမှုတွေ ပိုမိုဆိုးရွားလာမယ့်လုပ်ရပ်လို့ ဝေဖန်ခဲ့သလို ဖြစ်လာတဲ့ အကျိုးဆက်ကို CRPH က တာဝန်ခံရမယ်လို့ သတိပေးခဲ့တာ တွေ့ရပါတယ်။
လက်ရှိအချိန်မှာ စစ်ရာဇဝတ်အဖွဲ့အစည်းသာသာဖြစ်လာတဲ့ NUG နဲ့ PDF တွေကို မွေးထုတ်ခဲ့တဲ့ CRPH ဟာ အာဏာငမ်းဖမ်းလို့ အရူးတစ်ပိုင်းအသွင်သာဖြစ်လာပြီး သူတို့သာ မတော်တဆ လက်လွှတ်ခဲ့ရတဲ့ အာဏာပြန်ရရင် နိုင်ငံ့ဝန်ထမ်းသိန်းချီသတ်ဖြတ်တာ၊ တပ်မတော်သားနဲ့ ရဲတပ်ဖွဲ့ဝင်မိသားစုတွေ၊ NLD ပါတီနဲ့သူတို့ မထောက်ခံသူတွေ သန်းနဲ့ချီ သတ်ဖြတ်တာ၊ လက်ရှိကျောင်းတက်နေတဲ့ ကလေးသူငယ် ခုနစ်သန်းလောက်ကို အတန်းပညာ ပြန်စွန့်ခိုင်းမယ်ဆိုတာမျိုးအထိပါ စိတ်ရူးထတဲ့အတွေးတွေရှိနေတယ်ဆိုတာ အစဉ်းစားအဆင်ခြင်မဲ့ ထုတ်ပြန်လိုက်တဲ့ သေဒဏ်ပေး “အကြမ်းမဖက်အာဏာဖီဆန်ရေး လှုပ်ရှားမှုဆိုင်ရာ နိုင်ငံ့ဝန်ထမ်းဥပဒေ”က သက်သေပြနေပါတယ်။ တိုးတက်ကြီးပွားချင်တဲ့ နိုင်ငံတစ်ရပ်ဟာ အငြိုးအတေး၊ အသတ်အဖြတ်တွေနဲ့ တည်ဆောက်လို့မရဘဲ နိုင်ငံ့အပေါ် ကိုယ်ကျိုးမရှာတဲ့ Statesman လူစုတွေနဲ့ တည်ဆောက်ရမှာဖြစ်လို့ သတ်ဖြတ်လက်စားချေမယ့်လူစုတွေထက် ပိုကောင်းပိုသာမယ့်ခိုင်းစေခံအုပ်ချုပ်သူကိုပဲ လာမယ့် ၂၀၂၅ ရွေးကောက်ပွဲမှာ ပြန်ရွေးသင့်ပါပြီလို့ တိုက်တွန်းရတော့မှာဖြစ်ပါတယ်။
◾ လေးတန်း၊ ငါးတန်းကျောင်းသားပါမချန် စစ်သားစုတဲ့ PDF
၂၀၂၅ ဒီဇင်ဘာမှာ ရွေးကောက်ပွဲလုပ်မယ်လို့ SAC ဘက်က ကြေညာထားသလို NUG ကလည်း အထွေထွေထိုးစစ်ဆင်နွှဲမယ်လို့ ကြေညာထားပြီး ဒီလိုမျိုး ထိုးစစ်ဆင်နွှဲဖို့ ကြံရွယ်နေချိန် PDF တွေ အသေအပျောက်များလာမှုနဲ့ ထွက်ပြေးမှုကြောင့် အရွယ်မရောက်သေးတဲ့ ကျောင်းသား ကလေးငယ်တွေပါ မချန် PDF အဖြစ် ခြိမ်းခြောက်ခေါ်ယူ စုဆောင်းမှု မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ ဖြစ်ပွားနေပါတယ်။ ဒီဖြစ်ရပ် သက်သေအဖြစ် ဒီရက်ပိုင်းမှာလည်း မြင်းခြံ PDF တွေက အသက် ၁၄ နှစ်အရွယ် ကျောင်းမနေသူလူငယ်တစ်ဦးနဲ့ ၄ တန်းကနေ ၆ တန်းကြား ကျောင်းသားတွေဖြစ်တဲ့ အသက် ၈ နှစ်အရွယ် ကလေးငယ်တစ်ဦး၊ ၁၁ နှစ်သား ကလေးငယ် သုံးဦးနဲ့ ၁၂ နှစ်သား ကလေးငယ်တစ်ဦးတို့ကို PDF ထဲဝင်ဖို့ ခြိမ်းခြောက်ကာ တောရွာဆီ လာဖို့နဲ့ မလာရင် သတ်ပစ်မယ်လို့ ခြိမ်းခြောက်ခေါ်ယူခံရတဲ့ ကလေးငယ် ခြောက်ဦးကို မြင်းခြံပြည်သူ့စစ်အဖွဲ့က တားဆီးကာကွယ်လိုက်နိုင်တဲ့ ရုပ်သံဖိုင် ထွက်ပေါ်လာပါတယ်။
နွေဦးတော်လှန်ရေးစတင်ချိန်ကနေ ဒီနေ့အထိ CRPH, NUG နဲ့ PDF တို့ကို ထောက်ခံတဲ့ဘက်ခြမ်းမှာ မွေးလာတဲ့ ကလေးသူငယ်ကအစ တပ်မတော်မုန်းတီးရေးစိတ်ဓာတ်တွေ ရိုက်သွင်းထားပြီး ကိုးနှစ်၊ ဆယ်နှစ်သားလောက်ကအစ လက်နက်ကိုင်နေတဲ့ပုံရိပ်တွေကို ပြည်သူတိုင်း မြင်ဖူးကြပါလိမ့်မယ်။ စာသင်ရမယ့်အရွယ်၊ အသိဉာဏ်မပြည့်စုံသေးတဲ့ ကလေးသူငယ်တွေကို လက်နက်တွေ ကိုင်ခိုင်း၊ တပ်မတော်မုန်းတီးရေးစိတ်တွေ ရိုက်သွင်း၊ စစ်ဘေးရှောင်စာသင်ခန်းတွေမှာလည်း လုံခြုံရေး အကြောင်းပြပြီး PDF တွေက လက်နက်ကိုင်ပြီး စာသင်ခန်းမှာ ရှိနေတာတွေဟာ အင်မတတန်ဆိုးရွားလှတဲ့ အကျိုးဆက်တွေပါ။ တပ်မတော်မှာတောင် အသက်မပြည့်သေးတဲ့စစ်သားတွေကို နိုင်ငံတကာဥပဒေအရ ပြန်ထုတ်ပေးနေရချိန်မှာ CRPH, NUG နဲ့ PDF တို့ စုဆောင်းနေတဲ့ ကလေးစစ်သားတွေဟာ တိုက်ပွဲမှာ အသေခံဖို့နဲ့ လက်နက်ကိုင်တွေရှိလို့ တပ်က လာဗုံးကြဲရင် ကျောင်းသားကလေးတွေဆိုပြီး မျက်ရည်ခြူဖို့ နိုင်ငံတကာကို ငိုပြပြီး အလှူငွေတောင်းဖို့ လူသားဒိုင်းအသွင်ဖြစ်လာတာ စိတ်မကောင်းစရာဘဲဖြစ်ပါတယ်။ အပြစ်မဲ့ကလေးငယ်တိုင်းဟာ လက်နက်ကိုင်တွေရဲ့ အသုံးချခံ လူသားဒိုင်းမဖြစ်သင့်သလို ကလေးငယ်တိုင်းရဲ့ စာသင်ကြားခွင့်လူ့အခွင့်အရေးကလည်း သူ့အခွင့်အရေးအတိုင်းရရှိသင့်ပြီး ဘက်အသီးသီးဟာ ကလေးသူငယ်တွေကို ပစ်မှတ်မထားဖို့ လိုအပ်ပါတယ်။
◾ CRPH , NUG, PDF ကို မသိတဲ့ ဒေါ်အောင်ဆန်းစုကြည်
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် မတ်လ ၄ ရက်မှာ NLD ပါတီ ဗဟိုကော်မတီဝင် ဦးတိုးလွင်က ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ သတင်းစကားပါးမှုကို တစ်ဆင့်ပြန်မျှဝေမှုအဖြစ် NLD ပါတီပိုင်ဆိုင်တဲ့ Page တွေ ခိုးယူအသုံးပြုနေသူ ဦးအောင်ကြည်ညွန့်တို့အုပ်စု ထိန်းချုပ်ထားတဲ့ CRPH၊ NUG နဲ့ PDF တွေကို လုံး၀အသိအမှတ်မပြုဘူးလို့ တစ်ဆင့် ပြောခဲ့တာကို ပြည်သူတွေကြားသိခဲ့ရပါတယ်။ ဦးတိုးလွင် ပြောခဲ့သလိုပဲ ၂၀၂၃ ခုနှစ် ဇူလိုင် ၁၁ ရက်မှာလည်း အဲဒီအချိန်က ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာ မတ်ဝီနိုင်းက အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ ဒေါ်အောင်ဆန်းစုကြည်က NUG နဲ့ PDF ကို လက်မခံဘူး ဆိုတဲ့စကားကို ကမ္ဘာသိအောင် ထပ်ပြောလာတာလည်း တွေ့ခဲ့ရပါသေးတယ်။
အဲဒီအချိန်တုန်းကလည်း ဦးအောင်ကြည်ညွန့်တို့ပြည်ပြေးအုပ်စုဟာ မငြင်းနိုင်ခဲ့ကြပေမယ့် ပြည်သူတွေဟာ CRPH၊ NUG နဲ့ PDF တွေက ပြည်သူ့အလှူငွေခိုးတာ၊ ကိုယ်ကျိုးရှာတာ၊ ဆက်ကြေးတောင်းတာ၊ ပြန်ပေးဆွဲလုယက်တာ မဟုတ်လောက်ပါဘူးလို့ ထင်မြင်နေဆဲမို့ လက်မခံခဲ့ပေမဲ့ ဒီ ၂၀၂၅ ဇွန်လ ၁၉ ရက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၀ ပြည့် မွေးနေ့မှာတော့ ရုံးချိန်းရုပ်သံတွေ၊ တရားခွင်မှတ်တမ်းတွေ ထွက်ပေါ်လာခဲ့ပြီး ဒီတရားခွင်စစ်ချက်မှာ ဒေါ်အောင်ဆန်းစုကြည်က CRPH၊ NUG နဲ့ PDF တွေကို လုံး၀မသိကြောင်း ထွက်ဆိုခဲ့တာကို မြင်ခဲ့ရသလို ဒေါ်အောင်ဆန်းစုကြည်ရှေ့နေ မမင်းမင်းစိုးရဲ့ လက်ရေးမူနဲ့ပါ သက်သေအတိအကျထွက်လာချိန်မှာ NLD ပါတီပုံရိပ်နဲ့ Page တွေ ခိုးယူအသုံးပြုနေသူ ဦးအောင်ကြည်ညွန့်၊ နေဘုန်းလတ်တို့ ထိန်းချုပ်ထားတဲ့ CRPH၊ NUG နဲ့ PDF တွေအပြင် ပြည်သူတွေကပါ တစ်ခွန်းတစ်ပါဒမှ အသံမထွက်နိုင်တော့ဘဲ အမှန်တရားကို သိရှိသွားပါတော့တယ်။
တစ်ချိန်တည်း တစ်ပြိုင်တည်းမဟုတ်ပေမဲ့ နားလည်ရခက်ခဲတဲ့ဖြစ်ရပ်တစ်ခုအဖြစ်လည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရားခွင်ရုပ်သံဖိုင်တွေ၊ တရားရုံးစစ်ချက်တွေ ထွက်မလာခင်မှာ ဖျက်သိမ်းထားရတဲ့ NLD ပါတီက လက်ရှိအချိန် ပြင်ပမှာ ရှိနေသူတွေထဲ ရာထူးအကြီးဆုံးလို ဆိုရမယ့် ထိုင်းနိုင်ငံမှာ ပုန်းရှောင်နေသူ NLD ပါတီရဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဟံသာမြင့်ဟာ ဒေါ်အောင်ဆန်းစုကြည်က အသက် ၇၅ နှစ်မှာ နားမယ်လို့ ပြောဖူးကြောင်းနဲ့ အသက် ၈၀ ပြည့်သွားပြီမို့ နားတော့မယ်လို့ယုံကြည်ကြောင်း နှပ်ကြောင်းပေးပြောလာတာ တွေ့ရပါတယ်။ တစ်ဖက်မှာ ပြန်ဆက်စပ်မယ်ဆိုရင်တော့ NLD ပါတီပိုင် Page တွေ ခိုးယူအသုံးပြုနေသူ နေဘုန်းလတ်ဟာ ဦးဟံသာမြင့်သမက်တော်ပြီး နေဘုန်းလတ်ဇနီးဖြစ်တဲ့ ဦးဟံသာမြင့်သမီး ပြုံးသာမြင့်ကတော့ NLD အစိုးရဟောင်းရဲ့ ရန်ကုန်ဝန်ကြီးချုပ်ဟောင်းဦးဖြိုးမင်းသိန်း တိုက်ရိုက်ခန့်တဲ့ YUPT အုပ်ချုပ်မှုဒါရိုက်တာ၊ ရန်ကုန်တင်ဒါစိစစ်ရေးကော်မတီအတွင်းရေးမှူး စတဲ့ ဘီလျံထောင်ချီ စီမံကိန်းနေရာတွေ ကိုင်တွယ်ခဲ့သူဖြစ်တာကြောင့် ဦးဟံသာမြင့်က ဒေါ်အောင်ဆန်းစုကြည်ကို အနားယူတော့လို့ ပြောတာဟာ Conflict of Interest အရ စဉ်းစားစရာပါ။ ဘယ်လိုပဲ စဉ်းစားစရာရှိရှိ သေချာတာကတော့ ဦးအောင်ကြည်ညွန့်၊ နေဘုန်းလတ် တို့ CRPH၊ NUG အုပ်စုဟာ သူတို့ကတော့ ပြည်ပမှာ ပြည်သူ့အလှူငွေနဲ့ စည်းစိမ်ခံနေပြီး PDF ကလေးတွေကိုတော့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်နဲ့ NLD ပုံရိပ်ကို အသုံးချပြီး မိသားစုဘ၀တွေပျက်၊ အသက်တွေဆုံးအောင် လက်နက်ကိုင်ခိုင်းခဲ့တယ်ဆိုတာ ဒီနေ့ဒီအချိန်မှာ ပေါ်လွင်လာခဲ့ပြီဖြစ်ပါတယ်။ ဒီလို ပေါ်လွင်လာချိန်မှာ ကိုယ့်ရင်သွေး၊ ကိုယ့်သားသမီးဟာ CRPH နဲ့ NUG လို ကိုယ်ကျင့်စာရိတ္တမမှန်သူတွေရဲ့ ကိုယ်ကျိုးစီးပွားအတွက် အသက်တွေ၊ ဘ၀တွေ၊ အနာဂတ်တွေ စတေးပြီး နိုင်ငံပိုင်တွေဖျက်ဆီး၊ လက်နက်မဲ့ပြည်သူတွေ လိုက်သတ်နေရတာ၊ ရာဇဝတ်ကောင်တွေဖြစ်လာနေတာ၊ စစ်ပွဲတွေကြောင့်ပဲ လက်နက်မကိုင်လိုတဲ့ ရင်သွေးငယ်တွေ စစ်မှူထမ်းနေရတာဟာ တန်ပါရဲ့လားဆိုတာ မိဘတိုင်းပြန်စဉ်းစားပြီး သားသမီးကို လမ်းမှန်ပေါ်ရောက်အောင်၊ နိုင်ငံတော်ကို လမ်းမှန်ပေါ်ရောက်အောင် ဝိုင်းဝန်းကြိုးစားသင့်ချိန် တန်ပါပြီလို့ အသိပေးရင်း ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက် ရပ်နားပါရစေ။
