
MT News
၂၅. ၆. ၂၀၂၅
PDF များအနေဖြင့် အများပြည်သူများ အထိတ်တလန့်ဖြစ်စေရန်၊ လမ်းပန်းဆက်သွယ်မှု ပြတ်တောက်စေရန်နှင့် ကုန်စည်စီးဆင်းမှုများ အခက်အခဲဖြစ်ပေါ်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် အများပြည်သူသွားလာအသုံးပြုလျက်ရှိသော လမ်း၊ တံတားများအား မိုင်းထောင်ဖောက်ခွဲခြင်း၊ အကြမ်းဖက်တိုက်ခိုက်ခြင်း စသည်များကို ဆင်ခြင်တုံတရားကင်းမဲ့စွာ လုပ်ဆောင်လျက်ရှိရာ ယခုလည်း ကျိုက်ထိုမြို့အနီး ရန်ကုန်- မော်လမြိုင်သွား ပြည်ထောင်စုကားလမ်းမကြီးပေါ်၌ PDF များက လက်လုပ်မိုင်းများထောင်ထားသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှင်းလင်းခဲ့ရပြန်သည်။
ဖြစ်စဥ်မှာ ယမန်နေ့နံနက်ပိုင်းတွင် ကျိုက်ထို မြို့၏ အနောက်မြောက်ဘက် မီတာ ၁၃၀၀၀ ခန့်အကွာ အင်္ဂပိုကျေးရွာအနီး ရန်ကုန်-မော်လမြိုင်သွား ပြည်ထောင်စုကားလမ်းမကြီးပေါ်၌ PDF များက ငါးဂါလန်ပုံးများဖြင့် ပြုလုပ်ထားသည့် ဒေသန္တရလက်လုပ်မိုင်း နှစ်လုံးအားလည်းကောင်း၊ အဆိုပါ ပြည်ထောင်စုလမ်း၏ မိုင်တိုင်အမှတ် (၉၄/၇)အနီး တံတားအမှတ် (၃/၉၅)နေရာရှိ တံတားအောက်ခြေတွင် ငါးဂါလန်ပုံးများဖြင့်ပြုလုပ်ထားသည့် ဒေသန္တရလက်လုပ်မိုင်းခုနစ်လုံးနှင့် မိုင်တိုင်အမှတ်(၉၄/၃) နေရာ၌ ငါးဂါလန်ပုံးများဖြင့် ပြုလုပ်ထားသည့် ဒေသန္တရလက်လုပ်မိုင်း နှစ်လုံးတို့အားလည်းကောင်း စုစုပေါင်း သန္တရ လက်လုပ်မိုင်း ၁၁ လုံးတို့အား ဆင်ခြင်တုံတရားမဲ့စွာ မိုင်းထောင်ထားသည်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှာဖွေတွေ့ရှိခဲ့သဖြင့် အများပြည်သူများ အသက်အန္တရာယ်မဖြစ်ပေါ်စေရေး စနစ်တကျ ဖယ်ရှားရှင်းလင်းခဲ့ရသည်။

ကျိုက်ထိုမြို့တစ်ဝိုက်ကို အဓိကကျက်စားကာ ကျိုက်ထီးရိုးဘုရားဖူးများပါမချန် သတ်ဖြတ်နေသည့် PDF အဖွဲ့မှာ NLD ပါတီ၏ မွန်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံ၏ ကိုယ်ရေးအရာရှိဖြစ်ခဲ့သူ ရဲပြေးအေးမင်းထွန်းဦးဆောင်သော KRF (ကျိုက်ထိုတော်လှန်ရေးအင်အားစု) အဖွဲ့ဖြစ်ပြီး KRF အနေဖြင့် ရဟန်းသံဃာများ သတ်ဖြတ်မှု၊ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁၂ ရက်က လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးအပါအဝင် ဘုရားဖူးပြည်သူ လေးဦးသေဆုံးပြီး ၁၈ ဦး ဒဏ်ရာရခဲ့သော ပစ်ခတ်မှုများကျူးလွန်ထားသလို KRF ၏ ထို ကျူးလွန်မှုများအတွင်း အပြစ်မဲ့ ပြည်သူ ၂၀၀ ခန့်သေဆုံးထားသည်။
