ဓာတ်ပုံ - နာရေးကူညီမှုအသင်း - အောင်ပန်း
၂၅. ၆. ၂၀၂၅
Written by Thettant
စားဝတ်နေရေးအတွက် အလုပ်လုပ်ဖို့သွားရာမှာ သုံးလသားကလေးငယ်ကိုပါ ခေါ်လာပြီး စောင်ခင်းချထားကာ မြက်ပေါင်းရှင်းရတဲ့ သွေးနုသားနု မိခင်တစ်ဦးဟာ ကလေးငယ်ငိုသံကြားလို့သွားချီစဥ်မှာ စောင်အောက်က မြွေပွေး အပေါက်ခံရလို့ ကွယ်လွန်သွားခဲ့တယ်လို့ အောင်ပန်းနာရေးကူညီမှုအသင်း ကူညီဆောင်ရွက်ပေးမှုအရ သိရပါတယ်။
ဖြစ်စဥ်က မနေ့က ဇွန်လ ၂၄ ရက် ညနေ ၃ နာရီအချိန်ခန့်က အောင်ပန်းမြို့အနီး ဘော်နှင်းကျေးရွာအုပ်စု၊ ဆူးပန်းအင်းရွာနေအမျိုးသမီးနဲ့ လသားရွယ်ရင်သွေးငယ်တို့ဟာ ဂျင်းစိုက်ခင်းကိုမြက်ပေါင်းရှင်းဖို့ သွားရောက်ခဲ့ပြီး လသားအရွယ်ကလေးငယ်ကို ဂျင်းစိုက်ခင်းမြေကွက်လပ်မှာ စောင်ခင်းထားခဲ့ပြီး မိခင်ဖြစ်သူက မြက်ပေါင်းရှင်းနေချိန် ကလေးငယ် ငိုသံကြားလို့သွားရောက်ချီစဥ်မှာ ကလေးငယ်အောက်က ခင်းထားတဲ့ စောင်အောက်က မြွေက မိခင်ခြေထောက်ကို ပေါက်လိုက်တာပါ။
မြွေပွေးအပေါက်ခံရတဲ့ မိခင်ဖြစ်သူကို ရွာသူ၊/ရွာသားတွေက အောင်ပန်းတိုက်နယ်ဆေးရုံ ခေါ်ဆောင်လာခဲ့ကြပြီး တာဝန်ကျ ဆရာဝန်တွေက ကုသဖို့ ကြည့်ရှုစစ်ဆေးရာမှာတော့ မိခင်ဖြစ်သူ သေဆုံးနေလျက်သားဖြစ်နေပြီလို့ သိရပြီး ကြွင်းရစ်တဲ့ ရုပ်ခန္ဒာကို အောင်ပန်း နာရေးကူညီမှုအသင်းက ဆူးပန်းအင်းရွာနေအိမ်ဆီ ကူညီပို့ဆောင်ပေးခဲ့ကြတယ်လို့ သိရပါတယ်။
မိခင်ဖြစ်သူက မြွေပွေးအကိုက်ခံရပြီး ဆေးရုံမရောက်ခင် ကွယ်လွန်ခဲ့ပေမဲ့ သုံးလသားရင်သွေးငယ်ကတော့ မြွေပွေးအကိုက်ခံရခြင်းမရှိဘဲ ဘေးကင်းခဲ့တယ်လို့လည်း အောင်ပန်းနာရေးကူညီမှုအသင်းက သိရပါတယ်။
ဓာတ်ပုံ – နာရေးကူညီမှုအသင်း – အောင်ပန်း





