၂၅. ၆. ၂၀၂၅
Written by Nyein Kyaw
ရွေးကောက်ပွဲကော်မရှင်အနေဖြင့် မည်သည့်ပါတီကိုမှ ဘက်မလိုက်ဘဲ လွတ်လပ်ပြီး တရားမျှတသော မှတ်ကျောက်တင်ရသည့် ရွေးကောက်ပွဲဖြစ်အောင် မှန်မှန်ကန်ကန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ဥက္ကဋ္ဌ ဦးကိုကိုက ယမန်နေ့က ပြုလုပ်သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီတို့ တွေ့ဆုံဆွေးနွေးပွဲတွင် ပြောကြားသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီတို့ ပူးပေါင်းပြီး ရွေးကောက်ပွဲအကြိုကာလ၊ ရွေးကောက်ပွဲကာလ၊ ရွေးကောက်ပွဲနှောင်းပိုင်းကာလ ကာလသုံးပိုင်းလုံး၌ ရွေးကောက်ပွဲဆိုင်ရာ ဆောင်ရွက်ချက်များ၊ ပြည်သူလူထုကို အသိပေးရမည့် အကြောင်းအရာများကို အသိပေးနိုင်ရန် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း UEC ဥက္ကဋ္ဌက ပြောကြားသည်။
ရွေးကောက်ပွဲကော်မရှင်အနေဖြင့် မည်သည့်ပါတီကိုမှ ဘက်မလိုက်ဘဲ လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲ၊ မှတ်ကျောက်တင်ရသည့် ရွေးကောက်ပွဲဖြစ်အောင် မှန်မှန်ကန်ကန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအနေဖြင့် သတင်းမီဒီယာများမှတစ်ဆင့် ကော်မရှင်၏ ဆောင်ရွက်ချက်များကို မှန်မှန်ကန်ကန်သိရှိနိုင်အောင် ပူးပေါင်းကူညီဆောင်ရွက်ပေးစေလိုကြောင်း UEC ဥက္ကဋ္ဌက ပြောကြားသည်။
ယခု ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရုရှားနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီး သွားရောက်ခဲ့စဉ်အတွင်း ကမ္ဘာသိပြောကြားခဲ့ပြီးဖြစ်သည်။
ယခု ၂၀၂၅ နှစ်ကုန်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား မဲအများဆုံးရသူအနိုင်စနစ် (FPTP) နှင့် အချိုးကျကိုယ်စားပြုစနစ် (PR) နှစ်မျိုးလုံးကို အသုံးပြုဆောင်ရွက်မည်ဖြစ်ပြီး လက်ရှိစာရင်းများအရ မြို့နယ်ပေါင်း ၂၆၇ မြို့နယ်တွင် ကျင်းပရန်ရှိကြောင်း၊ လက်ရှိတွင် ရွေးကောက်ပွဲအား တစ်နိုင်ငံလုံးစည်းရုံးမည့် ပါတီ ၉ ခုနှင့် တိုင်းနှင့်ပြည်နယ်တစ်ခုတွင်း၌သာ စည်းရုံးမည့် ပါတီ ၄၅ ခုရှိကြောင်း UEC က ဖြေကြားထားသည်။
လက်ရှိတွင်လည်း ရွေးကောက်ပွဲအတွက် လိုအပ်သည့်မဲပေးစက်များ ထုတ်လုပ်လျက်ရှိပြီး ရရှိလာသည့် မဲပေးစက်များကို တိုင်းနှင့်ပြည်နယ်များသို့ ပို့ဆောင်ခြင်း၊ စနစ်တကျထိန်းသိမ်းခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း UEC ဥက္ကဋ္ဌက ပြောကြားထားသည်။
