၂၅. ၆. ၂၀၂၅
Written by Nyein Kyaw
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ဘယ်လာရုစ်နိုင်ငံတွင် ကျင်းပမည့် စတုတ္ထအကြိမ် ဥရောပ-အာရှ စီးပွားရေးဖိုရမ် (EEF 2025)သို့ တက်ရောက်ရန် ယနေ့ နံနက်ပိုင်းတွင် အထူးလေယာဉ်နှင့် နေပြည်တော်တပ်မတော်လေဆိပ်မှ ထွက်ခွာသွားခဲ့ကြောင်း SAC သတင်းထုတ်ပြန်ရေးအဖွဲ့မှ အသိပေးထုတ်ပြန်ထားသည်။

SAC ဥက္ကဋ္ဌ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား SAC ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီးအောင်လင်းဒွေး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ရှရှားဖက်ဒရေးရှင်းနိုင်ငံ သံရုံး၊ စစ်သံမှူးတို့မှ တာဝန်ရှိသူများ လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။
အဆိုပါ ခရီးစဉ်အတွင်း SAC ဥက္ကဋ္ဌသည် စတုတ္ထအကြိမ် ဥရောပ-အာရှစီးပွားရေးဖိုရမ် (EEF 2025)သို့ တက်ရောက်ခြင်း၊ EAEU ၏ အလှည့်ကျဥက္ကဋ္ဌဖြစ်သည့် ဘယ်လာရုစ်နိုင်ငံသမ္မတ H.E. Mr. Alexander Grigoryevich Lukashenko နှင့် သီးခြားတွေ့ဆုံဆွေးနွေးခြင်း၊ ဥရောပ-အာရှ စီးပွားရေးကော်မရှင်ဘုတ်အဖွဲ့ဥက္ကဋ္ဌနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ စက်ရုံ၊ အလုပ်ရုံများသို့ သွားရောက်လေ့လာခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်သည်။
ထို့ပြင် ခရီးစဉ်အတွင်း နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြား ချစ်ကြည်ရေး၊ စီးပွားရေး၊ လုံခြုံရေးဆိုင်ရာများနှင့် ကဏ္ဍပေါင်းစုံတွင် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များနှင့် Eurasian Economic Union – EAEU အဖွဲ့ဝင်နိုင်ငံများနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာကိစ္စရပ်များကို ပိုမိုတိုးတက်ခိုင်မာအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် SAC ဥက္ကဋ္ဌသည် ဘယ်လာရုစ်သမ္မတနိုင်ငံမှတစ်ဆင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဘူရားတီးရားပြည်နယ် အကြီးအကဲ H.E.Mr. Alexey Sambuevich Tsydenov ၏ ဖိတ်ကြားချက်အရ ဘူရားတီးရားပြည်နယ်သို့ သွားရောက်မည်ဖြစ်ပြီး အထင်ကရနေရာများနှင့် စက်ရုံ၊ အလုပ်ရုံများသို့ သွားရောက်လေ့လာသွားမည်ဖြစ်သည်။
SAC ဥက္ကဋ္ဌနှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီးညိုစော၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် ဒုတိယဝန်ကြီးများ၊ စစ်ဘက်နယ်ဘက်မှ အဆင့်မြင့်အရာရှိကြီးများ လိုက်ပါသွားကြကြောင်း သိရသည်။
