၁၃. ၆. ၂၀၂၅
Written by Nay Moe
နေအိမ်တွင် အိပ်နေသူ လူငယ်တစ်ဦးကို ဒလန်ဟု စွပ်စွဲကာ PDF နှစ်ဦးက လာဖမ်းပြီး ဘုန်းကြီးကျောင်းအနီးအရောက် ဓားနှင့်ခုတ်ကာ သေနတ်ဖြင့်ပစ်သတ်မှု သဲကုန်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ယခု ထုတ်ပြန်သည်။
ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၁ ရက် နံနက် ၉ နာရီတွင် ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်၊ ဘိုကုန်းကျေးရွာအနီး၌ သေနတ်/ဓားများဖြင့် ပစ်ခတ်/သတ်ဖြတ်ခံရ၍ အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်၊ ဆယ်ကြီးကျိုးကျေးရွာနေ ကိုဝင်းထက်ကို(၂၁)နှစ်သည် ဇွန် ၁၀ ရက် ည ၁၁ နာရီ ၃၀ မိနစ်တွင် ၎င်းနေအိမ်၌ အိပ်နေစဉ် PDF နှစ်ဦး(စိစစ်ဆဲ) ရောက်ရှိလာပြီး “ဒလန်” ဟု စွပ်စွဲပြောဆို၍ ဖမ်းဆီးခေါ်ဆောင်သွားကာ သဲကုန်းမြို့နယ်၊ ဘိုကုန်းကျေးရွာရှိ ဘုန်းကြီးကျောင်းအနီးအရောက်၌ သေနတ်/ဓားများဖြင့် ပစ်ခတ်/သတ်ဖြတ်သွားခဲ့သဖြင့် ကိုဝင်းထက်ကိုတွင် ကျည်ထိမှန်/ဓားဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပဲခူးတိုင်းသည် အုပ်ချုပ်ရေးမှူးနှင့် ပြည်သူ အများအပြား သတ်ဖြတ်ခံရသည့် တိုင်းတစ်ခုဖြစ်သလို ဖမ်းဆီးရမိမှုလည်း မရှိသလောက်နည်းပါးသည်။ နွေဦးတော်လှန်ရေးစတင်ချိန်မှ ယခုအချိန်အထိ ကလေးသူငယ် ၂၃၀ ကျော်၊ သံဃာတော် အပါး ၉၀ ကျော်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင် ဆရာဆရာမ၊ နိုင်ငံ့ဝန်ထမ်း ၁၂၀၀ ခန့်အပါအဝင် ပြည်သူ ၁၀၀၀၀ ခန့်မှာ “ဒလန်၊ သူလျှို၊ သတင်းပေး၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များနှင့် NLD, NUG, PDF, EAOs တို့၏ သတ်ဖြတ်မှုကို ခံထားရသည်။
