၁၃.၆.၂၀၂၅
Translated by Htwe Ko Tun
Air India လေကြောင်းလိုင်းမှ ဘိုးရင်း ၇၈၇-၈ Dreamliner ခရီးသည်တင်လေယာဉ်ရဲ့ အိန္ဒိယနိုင်ငံ၊ အမယ်ဒါဘတ်မြို့မှ ယူနိုက်တစ်ကင်းဒမ်းနိုင်ငံ လန်ဒန်မြို့ကို ဇွန်လ ၁၂ ရက်က လေယာဉ်ခရီးစဉ်မှာ လေဆိပ်မှပျံတက်အပြီး မကြာမီ ပျက်ကျခဲ့မှု၌ လေယာဉ်ပေါ်လိုက်ပါလာသူနဲ့ မြေပြင်မှလူတွေ အပါအဝင် အနည်းဆုံး ၂၆၀ ဦး သေဆုံးခဲ့ရတယ်လို့ ဇွန်လ ၁၃ ရက် နံနက် သတင်းတွေအရ သိရပါတယ်။
လေယာဉ်က လေဆိပ်မှ ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ ၃၉ မိနစ်မှာ ပျံတက်လာပြီး စက္ကန့်ပိုင်းအတွင်းမှာ အကူအညီတောင်းခံမှုခေါ်ဆိုချက်တစ်ရပ်ပြုခဲ့ပါတယ်။ ဒါပေမယ့် ဆက်သွယ်မှုတွေကိုပြန်လည်ဖြေကြားမှုမပြုနိုင်တော့ဘဲ ၃၃ စက္ကန့်ခန့်အကြာမှာပဲ လေဆိပ်အနီး သုံးကီလိုမီတာအကွာမှာ ရှိတဲ့ မီဂါနီနယ်မြေအတွင်း BJ ဆေးကောလိပ်ရဲ့ ဆရာဝန်အဆောင်တစ်ခုပေါ်ကို ပျက်ကျခဲ့တာပါ။ အဆောက်အအုံမှာလည်း မီးလောင်ပျက်စီးခဲ့ပါတယ်။
Air India လေကြောင်းလိုင်းရဲ့ ဘိုးရင်း ၇၈၇-၈ Dreamliner လေယာဉ်က အိန္ဒိယနိုင်ငံသား ၁၆၉ ဦး၊ ယူနိုက်တစ်ကင်းဒမ်းနိုင်ငံသား ၅၃ ဦး၊ ပေါ်တူဂီနိုင်ငံသား ခုနစ်ဦးနဲ့ ကနေဒါနိုင်ငံသားတစ်ဦးတို့ပါဝင်တဲ့ ခရီးသည်တွေလိုက်ပါလာပါတယ်။လေယာဉ်မှူးနှစ်ဦးနဲ့ လေယာဉ်ဝန်ထမ်းဆယ်ဦးလည်း လိုက်ပါလာတဲ့အတွက် စုစုပေါင်း လူ ၂၄၂ ဦးလေယာဉ်ပေါ်မှာ ပါရှိပါတယ်။ သူတို့အနက် အသက် ၄၀ နှစ်ခန့် ယူနိုက်တစ်ကင်းဒမ်းနိုင်ငံသား ဗစ်ရှ်ဝါ့ရှ် ကူးမားရာမက်ရှ် တစ်ဦးသာအသက်ရှင်ကျန်ရစ်ပြီး ကျန် ၂၄၁ ဦးသေဆုံးခဲ့ရတယ်လို့ Air India လေကြောင်းလိုင်းက ကြေညာချက်ထုတ်ခဲ့ပါတယ်။
ဒါ့ပြင် လေယာဉ်က BJ ဆေးကောလိပ်အနီး အဆောက်အအုံသုံးခုအပေါ် ပျက်ကျခဲ့တာလို့ သိရပါတယ်။ ဒီမှာတစ်ခုက ဆေးကောလိပ် ကျောင်းသားတွေ ရှိနေတဲ့ စားသောက်ဆောင်ပါ။ ဘေးဘက်က ငါးထပ်အဆောက်အအုံတွေက ဆေးရုံဝန်ထမ်းတွေရဲ့ အိမ်ရာအခန်းတွေပါ။ လေယာဉ်ပျက်ကျမှုက ထိုနေရာတစ်ခုလုံးကို မီးလောင်ကျွမ်းစေခဲ့ပါတယ်။ ဒါကြောင့် လေယာဉ်ပေါ်ပါသူတွေသာမက မြေပြင်မှာလည်းဆရာဝန်တွေ၊ ဆေးကျောင်းသားတွေ သေဆုံးမှုတွေရှိကာ ဇွန်လ ၁၃ ရက်နံနက်အထိ သေဆုံးသူအနည်းဆုံး ၂၆၀ ဦးထိရှိလာတာပါ။
Ref-Hindustan Times









