၁၃. ၆. ၂၀၂၅
Written by Nyein Kyaw
ငလျင်ကြောင့် သာမန်ပျက်စီးခဲ့သည့် အပြာရောင်အဆင့် ရုံးအဆောက်အအုံနှင့် ဝန်ထမ်းအိမ်ရာ အဆောက်အအုံများကို ပြည်လည်ပြုပြင်ဆောင်ရွက်ပြီးဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က ယမန်နေ့က ပြုလုပ်သည့် ငလျင်ဒဏ်သင့် အဆောက်အအုံများ ပြုပြင်တည်ဆောက်ခြင်းနှင့်ပတ်သက်၍ မြေပြင်လက်တွေ့အသုံးချနိုင်ရေး နည်းပညာဆိုင်ရာ (Knowledge Sharing) ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။
ငလျင်ဒဏ်ကြောင့် အဆောက်အအုံများ ပျက်စီးမှုအနည်းအများအလိုက် အပြာရောင်အဆင့်၊ လိမ္မော်ရောင်အဆင့်နှင့် အနီရောင်အဆင့်အဖြစ် ခွဲခြားသတ်မှတ်ခဲ့ပြီး သာမန်ပျက်စီးမှုဖြစ်သည့် အပြာရောင်အဆင့် ရုံးအဆောက်အအုံနှင့် ဝန်ထမ်းအိမ်ရာအဆောက်အအုံများကို ပြန်လည်ပြုပြင်ဆောင်ရွက်ပြီးဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က ပြောကြားသည်။
လိမ္မော်ရောင်အဆင့် ရုံးအဆောက်အအုံနှင့် ဝန်ထမ်းအိမ်ရာများကို PE (Structure / Construction) ၏ ကြီးကြပ်မှုဖြင့် ပြင်ဆင်ရမည့်နည်းလမ်းအတိုင်း လိုက်နာ၍ Quality Control ထားရှိပြီး အရည်အသွေးစစ်ဆေးမှုများ ဆောင်ရွက်ရန်လိုကြောင်း၊ ပျက်စီးမှုကြီးမားသည့် အနီရောင်အဆင့် သတ်မှတ်ထားသော အဆောက်အအုံများအား ကျွမ်းကျင်ပညာရှင်များ၏ အကြံပြုချက် နည်းလမ်းများအတိုင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
မတ်လ ၂၈ ရက်တွင် ဖြစ်ပွားခဲ့သည့်ငလျင်ကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် အဆောက်အအုံများ ပြန်လည်ပြုပြင် တည် ဆောက်နိုင်ရေးအတွက် “ငလျင်ဒဏ်သင့်အဆောက်အဦများ ပြန်လည်ပြုပြင် အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေးကြီးကြပ်မှုကော်မတီ”၏ လမ်းညွှန်ချက်အရ အဆောက်အအုံများ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသော ဌာနအသီးသီးနှင့် အသင်းအဖွဲ့များ၊ ကုမ္ပဏီများမှ ပညာရှင်များက မြေပြင်တွင် လက်တွေ့လုပ်ကိုင်ဆောင်ရွက်နေသော ကြီးကြပ်သူ တာဝန်ခံအင်ဂျင်နီယာများနှင့် ကန်ထရိုက်တာများကို ပြုပြင်ရေးနည်းစနစ်များကို နားလည်သိရှိစေရန်နှင့် လုပ်ငန်းခွင်များတွင် စနစ်တကျပြန်လည်အသုံးချနိုင်ရန် ရည်ရွယ်ချက်ဖြင့် နည်းပညာဆွေးနွေးပွဲကို Knowledge Sharing အနေဖြင့် ကျင်းပရခြင်းဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
