◼ ဒေသအတွင်း စစ်ပွဲအသစ်တစ်ခု ဖြစ်လာလေမလား
၁၃.၆.၂၀၂၅
Translated by Htwe Ko Tun
အီရန်နိုင်ငံမြို့တော် တီဟီရန်နဲ့ အခြားမြို့ကြီးတွေရဲ့ကောင်းကင်ယံနဲ့ အနီးတစ်ဝိုက်တို့မှာ ဇွန်လ ၁၃ ရက် နံနက်အစောပိုင်းက အဆက်မပြတ်ပေါက်ကွဲသံတွေကြားနေရချိန်မှာပဲ တယ်လ်အဗစ်မြို့ရှိ အစ္စရေးမီဒီယာတွေက အီရန်နိုင်ငံအတွင်း ပစ်မှတ်တွေကို အစ္စရေးလေတပ်က ‘Operation Rising Lion’ စစ်ဆင်ရေးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတယ်လို့ သတင်းတွေဖော်ပြခဲ့ကြပါတယ်။
ဒီတိုက်ခိုက်မှုတွေက အီရန်နိုင်ငံရဲ့ လက်ရှိဆောင်ရွက်နေတဲ့ နျူကလီးယားအစီအစဉ်ကြောင့် နှစ်နိုင်ငံကြား တင်းမာမှုတွေမြင့်တက်လာရာက ဖြစ်ပွားခဲ့ရတာလို့ ဆိုကြပါတယ်။ အမေရိကန်အစိုးရက အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုမှာ အမေရိကန်အစိုးရအနေနဲ့ ပါဝင်ပတ်သက်မှုမရှိဘဲ ဒေသအတွင်း အမေရိကန်နိုင်ငံသားတွေ လုံခြုံစိတ်ချရမှုရှိရေးကိုသာ ဦးစားပေးတယ်လို့ပြောခဲ့ပါတယ်။
ပေါက်ကွဲသံတွေကို ဇွန်လ ၁၃ ရက် နံနက်အစောပိုင်းမှာ စကြားခဲ့ရတာပါ။ တီဟီရန်မြို့ရဲ့ကောင်းကင်ယံမှာတော့ မီးခိုးလုံးကြီးတွေတက်လာတဲ့ပုံတွေကို လူမှုကွန်ရက်မှာ တွေ့ကြရပါတယ်။ အဆောက်အအုံတွေအထဲမှာ တိုက်ခိုက်မှုအတွင်း သေဆုံးနေကြတဲ့ အမျိုးသမီးတွေနဲ့ ကလေးတွေ ဓာတ်ပုံတွေကိုလည်း လူမှုကွန်ရက်မှာတွေ့ရပါတယ်။
အီရန်နိုင်ငံပိုင်မီဒီယာကလည်း အစ္စရေးတို့ရဲ့တိုက်ခိုက်မှုကြောင့် အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့ရဲ့တပ်မှူးဖြစ်တဲ့ ဟော့စိန် ဆာလာမီ ကျဆုံးခဲ့တယ်လို့ အတည်ပြု ကြေညာခဲ့ပါတယ်။ ဒါ့ပြင် အစ္စရေးဘက်ကတော့ အီရန်စစ်တပ်အကြီးအကဲ မိုဟာမက် ဘာဂီရီနဲ့ စစ်တပ်ထိပ်တန်းအရာရှိတွေအပြင် ဆင့်မြင့်နျူကလီးယားသိပ္ပံပညာရှင်တွေကိုပါ တိုက်ခိုက်မှုအတွင်း သုတ်သင်နိုင်ခဲ့တယ်လို့ ယုံကြည်နေပါတယ်။
အစ္စရေးဝန်ကြီးချုပ် ဘန်ဂျာမင် နေတန်ရာဟုက အီရန်အနေနဲ့ တိုက်ချင်းပစ်ဒုံးပျံတွေ ထောင်နဲ့ချီလို့ ထုတ်လုပ်နေပြီး ဒါတွေက အစ္စရေးနိုင်ငံသားတွေကို သေကြေပျက်စီးစေမှာလို့ ဆိုခဲ့ပါတယ်။တိုက်ခိုက်မှုမှာလည်း အီရန်ရဲ့နျူကလီးယားအဆောက်အအုံတွေ၊ တိုက်ချင်းပစ်ဒုံးပျံစက်ရုံတွေနဲ့ စစ်ဘက်အဆောက်အအုံတွေကို ပစ်မှတ်ထားတယ် ပြောခဲ့ပါတယ်။
ဒါ့ပြင် နေတန်ရာဟုက ပြီးခဲ့တဲ့နှစ်တွေအတွင်း အီရန်ဟာ နျူကလီးယားဗုံး ကိုးလုံးလောက်ထုတ်နိုင်တဲ့ သန့်စင်ပြီး ယူရေနီယမ်တွေ ပိုင်ဆိုင်ထားပြီလို့ပြောခဲ့ပါသေးတယ်။
တိုက်ခိုက်မှုတွေအပြီးမှာတော့ နှစ်နိုင်ငံစလုံးက သူတို့ရဲ့ လေကြောင်းပိုင်နက်တွေကိုပိတ်ထားကြပါတယ်။ အီရန်အနေနဲ့ ဘယ်လိုတုံ့ပြန်မှုတွေပြုမလဲ၊ ဒါက ဒေသအတွင်း စစ်ပွဲတစ်ခုအသွင် ဖြစ်လာမလား စောင့်ကြည့်ရမှာပါ။
Ref – Jerusalem Post, IRNA



