
၁၃. ၆. ၂၀၂၅
Written by Nyein Kyaw
နိုင်ငံခြားငွေဈေးနှုန်း မတည်ငြိမ်အောင် လှုံ့ဆော်နေသူများကို စောင့်ကြည့်အရေးယူနေပြီး ဗဟိုဘဏ်မှ ထုတ်ပေးထားသည့် တရားဝင်လိုင်စင်မရှိဘဲ နိုင်ငံခြားငွေများ ဝယ်ယူ၊ ရောင်းချ၊ လဲလှယ်ခြင်းများ ဆောင်ရွက်နေသည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများအား ထိရောက်စွာအရေးယူနိုင်ရေး အရှိန်မြှင့်ဆောင်ရွက်သွားမည်ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဇွန်လ ၁၂ ရက်တွင် အသိပေးကြေညာထားသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်စေရေးနှင့် ဈေးကစားမှုများ မရှိစေရေးအတွက် သွင်းကုန်လုပ်ငန်းရှင်များ လိုအပ်သောနိုင်ငံခြားငွေများကို Online Trading Platform မှတစ်ဆင့် ရောင်းချပေးခြင်း၊ နိုင်ငံခြားသို့ ဆေးကုသခြင်း၊ ပညာတော် သင်သွားခြင်း၊ ဘုရားဖူးသွားခြင်း၊ အလုပ်အကိုင်ကိစ္စရပ်များဖြင့် ထွက်ခွာသူများအတွက် အသေးသုံးနိုင်ငံခြားငွေများကို ပုဂ္ဂလိကဘဏ်များ၏ ငွေလွှဲကောင်တာများတွင် ရောင်းချပေး ခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။
USDT အပါအဝင် နိုင်ငံခြားငွေ ကမောက်ကမဖြစ်စေရန် ရည်ရွယ်၍ Online ပေါ်တွင် ဈေးကစားခြင်း၊ မမှန်ကန်သောသတင်းများ ဖြန့်ဝေခြင်းများ ဆောင်ရွက်နေသည့် လူပုဂ္ဂိုလ်များအား နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ၊ ငွေရေးကြေးရေး အဖွဲ့အစည်းများဥပဒေ၊ ဆက်သွယ်ရေးဥပဒေများနှင့်အညီ သက်ဆိုင်ရာမြို့နယ် တရားရုံးများသို့ တရားစွဲဆို၍ အရေးယူ ပြစ်ဒဏ်ချမှတ်ထားသည့်ဖြစ်စဉ်များရှိကြောင်း ဖော်ပြထားသည်။
USDT နှင့် နိုင်ငံခြားငွေဈေးနှုန်းများ မတည်မငြိမ်ဖြစ်စေရန် Facebook Page ၊ Facebook Group ၊ Viber Group နှင့် Application (ဥပမာ၊ Myanmar Market Price) များမှ လှုံ့ဆော်မှု ဆောင်ရွက်နေခြင်းများအား မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ စောင့်ကြည့်လျက်ရှိပြီး လှုံ့ဆော်မှုဆောင်ရွက်နေသော လူပုဂ္ဂိုလ်များနှင့် ဆက်စပ်နေသည့် လူပုဂ္ဂိုလ်များ၏ Pay Account နှင့် Banking Account များအား ပိတ်သိမ်းခြင်း၊ ဖုန်း SIM Card များအား ပိတ်သိမ်းခြင်း၊ တည်ဆဲဥပဒေများနှင့်အညီ တရားစွဲဆိုအရေးယူခြင်းများ ဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပေးထားသည့် တရားဝင်လိုင်စင်မရှိဘဲ နိုင်ငံခြားငွေကြေးများ ဝယ်ယူ၊ ရောင်းချ၊ လဲလှယ်ခြင်းကို ရည်ရွယ်ချက်ရှိရှိဖြင့် ဆောင်ရွက်လျက်ရှိသည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများအား ထိထိရောက်ရောက် အရေးယူဆောင်ရွက်နိုင်ရေး အရှိန်မြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။
