
၁၂. ၆.၂၀၂၅
Written by KL
ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ ရွာငံမြို့နယ်၊ ရွာငံ – ဟန်မြင့်မိုရ်လမ်းပိုင်း မိုင်တိုင် ၂၁ အနီးတွင် ကုန်စိမ်းတင်ကားတစ်စီးချောက်ထဲကျရာမှ လိုက်ပါလာသူ လေးဦးသေဆုံးပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့မှု ဇွန်လ ၁၀ ရက်နေ့က ဖြစ်ပွားခဲ့သည်။
အမျိုးသား ၆ ဦး၊ အမျိုးသမီး ၈ ဦးလိုက်ပါလာပြီး မြစ်သားမြို့ဘက်မှ မောင်းနှင်လာသောကုန်စိမ်းတင်ယာဥ်မှာ လမ်းခုလတ်တွင် အရှိန်လွန်ကာ ချောက်ထဲကျ တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း ကယ်ဆယ်ရေးဆောင်ရွက်သူတစ်ဦးက ပြောသည်။
မော်တော်ယာဥ်ချောက်ထဲကျမှုကြောင့် အမျိုးသား၂ ဦး၊ အမျိုးသမီး ၂ ဦးသေဆုံးခဲ့ပြီး ကျန်လိုက်ပါလာသူ ၁၀ ဦးတွင်လည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ရာ တစ်ဦးမှာ အသက်အန္တရာယ် စိုးရိမ်ရကြောင်း ကယ်ဆယ်ရေးဆောင်ရွက်ခဲ့သည့် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့-ရွာငံမြို့နယ်မှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ဒဏ်ရာရတဲ့သူထဲမှာ နှစ်ယောက်က မန္တလေးဆေးရုံကြီးကို လွှဲပြောင်းပြီး ကုသရတယ်။ ဒဏ်ရာရတဲ့သူတွေထဲမှာ တစ်ယောက်ကတော့ စိုးရိမ်ရတယ်” ဟု မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့-ရွာငံမြို့နယ်မှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။
ယာဥ်ချောက်ထဲကျ၍ လူထိခိုက်သေဆုံးမှုဖြစ်စဥ်ကို မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့-ရွာငံမြို့နယ်မှ အဖွဲ့ဝင် ၇ ဦး၊ မီးသတ်တပ်ဖွဲ့ဝင် ၅ ဦး၊ဒေသခံလူမှုကူညီရေးအသင်းအဖွဲ့နှင့် ဒေသခံများက ဝိုင်းဝန်းကူညီခဲ့ပြီး သေဆုံးသူလေးဦးကို မြို့ကြီးဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
“ရွာငံ -ဟန်မြင့်မိုရ်လမ်းပိုင်းက အဆင်းရောအတက်ရော လမ်းကြောင်းပိုင်ပြီး ကားမောင်းပိုင်နိုင်မှ အန္တရာယ်ကင်းမှာ”ဟု ရွာငံ ဒေသခံတစ်ဦးက ပြောသည်။
