◾ ငလျင်ဒဏ်သင့်သူများ နေအိမ်ဆောက်လုပ်နိုင်ရန် နှစ်ရှည်ချေးငွေအတွက် စင်တာတွင် အမြန် ဆွေးနွေးပေးနေ

၁၀.၆.၂၀၂၅
Written By Zun
ငလျင်ဒဏ်သင့်သူများအတွက်အနည်းဆုံး ငါးနှစ် နှင့် အထက် ကယ်ဆယ် ကူညီထောက်ပံနိုင်မည့် စင်တာ (KBZ Center Mandalay) ကို ယနေ့ ဇွန်လ ၁၀ ရက်တွင် ဖွင့်လှစ်လိုက်ကြောင်း သိရသည်။
ယင်းကို မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ် (၇၃) လမ်း x (၁၁၀) လမ်းရှိ ၁၈ ဧက အကျယ် မြေကွက်ပေါ်တွင် KBZ Foundation က တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ငွေကျပ်(၄၅)ဘီလျံကို KBZ Foundation နာယက ဦးအောင်ကိုဝင်း က ကနဦး မ,တည် လှူဒါန်း၍ ငွေကျပ် ၃၀ ဘီလျံအသုံးပြုကာ အခိုင်အမာ တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

KBZ Center Mandalay တွင် စိတ်ကျန်းမာရေး အပါအဝင် လူနာ ၇၀၀ ခန့် နေ့စဉ် အခမဲ့ ကုသနိုင်သည့် ဆေးကုသခန်းများ၊ Call Center မှတစ်ဆင့် အကူအညီတောင်းခံနိုင်မည့် ထောက်ပံ့လှူဒါန်းရေးစင်တာ၊ အခမဲ့ စားသုံးနိုင်မည့် နေ့လယ်စာ၊ ညစာ ထမင်းစားဆောင်၊ သောက်ရေသန့်နှင့် သုံးရေ အခမဲ့ ဖြန့်ဖြူးပေးခြင်း၊ အခမဲ့ အသုံးပြုနိုင်မည့် ရေချိုးခန်း၊ အိမ်သာနှင့် အဝတ်လျှော်စက်များ စီစဉ်ထားရှိခြင်းနှင့်အခမဲ့ အသုံးပြုနိုင်မည့် LPG Gas မီးဖိုဆောင်များ ပါဝင်ကြောင်း သိရသည်။

အလားတူ သဘာဝဘေး ကယ်ဆယ်ရေး သင်တန်းများ၊ Training များပို့ချနိုင်မည့် ဘက်စုံသုံး ခန်းမများ (Multi Purpose Rooms) များကိုထည့်သွင်းထားသောကြောင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ပို့ချချက် Training များ ပြုလုပ်နိုင်မည် ဖြစ်ကြောင်းလည်း သိရသည်။
ယင်းအပြင်တွင် ငလျင်ဘေးသင့် ပြည်သူများ အိမ်ရာအမြန်ဆုံး တည်ဆောက်နိုင်ရန်နှင့် စီးပွားရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် လည်ပတ်နိုင်ရန် KBZ Bank ၏ သီးသန့် Home Loan အထူးချေးငွေဌာန (နှစ်ရှည်)၊ အထူး ချေး ငွေဌာန (SME အလျင်အမြန်) နှင့် Corporate Loan ထုတ်ချေးရေးဘဏ်ဝန်ဆောင်မှုများကို ထိရောက် မြန်ဆန်စေရန်ကောင်တာများဖွင့်၍ ဆွေးနွေးပေးခြင်း၊ သတင်းအချက်အလက်များ ရယူ၍ လျှောက်လွှာ လက်ခံ ရယူပေးခြင်းများ လုပ်ဆောင်ပေးမည် ဖြစ်ကြောင်း သိရသည်။
ထို့နောက် လုပ်ထုံး လုပ်နည်းများနှင့်အညီ စိစစ်ခြင်းများပြုလုပ်ကာ ဘဏ်ခွဲများမှတစ်ဆင့် ချေးငွေများ အမြန် ထုတ်ချေး ပေးသွားမည့်အပြင် KBZPay Center၊ KBZMS General Insurance၊ KBZ Life Insurance တို့အတွက်လည်း စင်တာတွင် ဝန်ဆောင်မှုများ ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။
KBZ Center Mandalay စတင်ဖွင့်လှစ်သည့်နေ့တွင် မန္တလေးမြို့ရှိ ပြိုကျပျက်စီးခဲ့သည့် ဘုန်းတော်ကြီးကျောင်း နှင့် သီလရှင်ကျောင်း (၁၉) ကျောင်း အပါအဝင် ဘာသာရေး အဆောက်အဦ (၂၅) လုံးအတွက် ကနဦး အနေ ဖြင့် ဘိလပ်မြေအိတ် (၆၇၀၀)အိတ်နှင့် ဆန်အိတ် (၈၇၀) အိတ်ကို တာဝန်ရှိသူများထံပေးအပ်လှူဒါန်းခဲ့ ကြောင်း သိရသည်။