
၁၀. ၆. ၂၀၂၅
Translated by Thettant
ဥရောပအလယ်ပိုင်းရှိ ဩစတြီးယားနိုင်ငံတွင် အဆိုးရွားဆုံး သေနတ်ပစ်ခတ်မှုများအနက်မှ တစ်ခုအဖြစ် အထက်တန်းကျောင်းတစ်ကျောင်းတွင် ကျောင်းသားအချင်းချင်း ပြန်လည် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အနည်းဆုံး ဆယ်ဦး သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့မှု ယနေ့ဖြစ်ပွားခဲ့သည်။
ဖြစ်ရပ်တွင် ယနေ့ ဇွန်လ ၁၀ ရက် ဒေသစံတော်ချိန် နံနက် ၁၀ နာရီမတိုင်မီ အချိန် အနည်းငယ်အလိုတွင် သေနတ်သံများကြားရကြောင်း သတင်းများရရှိပြီးနောက် ဂရက်ဇ်မြို့ရှိ BORG Dreierschützengasse အထက်တန်းကျောင်းသို့ အထူးတပ်ဖွဲ့ဝင် ရဲများ ရောက်ရှိစစ်ဆေးခဲ့ရာ ဖြစ်ရပ်အတွင်း ကျောင်းသား ရှစ်ဦး၊ ဆရာတစ်ဦးနှင့် ပစ်ခတ်သူဟု သံသယရှိသည့် ကျောင်းသား၏ ရုပ်အလောင်းများကို တွေ့ရှိခဲ့ရသလို ကျောင်းသား ၂၈ ဦးလည်း ဒဏ်ရာရရှိခဲ့သည်ကို တွေ့ရသည်။

သံသယရှိသူ ကျောင်းသားတစ်ဦးကို ဒေသတွင်းမီဒီယာများက အနိုင်ကျင့်ခံရသူဟု ဖော်ပြခံထားရပြီး စာသင်ခန်းနှစ်ခန်းကို ပစ်ခတ်ပြီးနောက် မိမိကိုယ်ကိုယ် သတ်သေသွားသည်ဟု ကနဦး ယူဆထားသည်။
ရဲများက ဂရက်ဇ်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီး အထက်တန်းကျောင်းတိုက်ခိုက်မှုတွင် ကျောင်းသားများနှင့် ဆရာများအပါအဝင် လူအများအပြား သေဆုံးပြီး အခြားသူများ ဒဏ်ရာရရှိကြောင်း အတည်ပြုခဲ့သည်။ ရဲများက ကျောင်းအား လုံခြုံရေးယူထားပြီးဖြစ်ပြီး တိုက်ခိုက်မှုများနှင့် ဓားစာခံအခြေအနေများကို ကိုင်တွယ်ဖြေရှင်းသည့် ၎င်းတို့၏ အထူးတပ်ဖွဲ့ Cobra တပ်ဖွဲ့ကို ချထားခဲ့ကာ နောက်ထပ်အန္တရာယ်မရှိတော့ကြောင်းလည်း အတည်ပြုခဲ့သည်။
ထို့အတူ အကြမ်းဖက်ပစ်ခတ်မှုမှ လွတ်မြောက်လာနိုင်ခဲ့သော ကျောင်းသားများကို ၎င်းတို့၏ မိဘများနှင့် ပြန်လည်တွေ့ဆုံပေးခဲ့သည်။ ဒဏ်ရာရရှိသူများသည် ကျောင်းအနီးရှိ ပွဲကျင်းပရာနေရာဖြစ်သော Helmut List ခန်းမတွင် ကုသမှုခံယူနေကြသည်ဟု ဆိုပြီး ဒေသတွင်းဆေးရုံများအတွက် ဘေးအန္တရာယ်သတိပေးချက် ထုတ်ပြန်ထားသည်။

ပုံများနှင့် ဗီဒီယိုများတွင် အရေးပေါ်ဆေးကုသသူများနှင့် ရဲများ အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိလာသည်ကို ပြသနေပြီး နောက်ဗီဒီယိုတစ်ခုတွင် ရဟတ်ယာဉ်တစ်စင်း ထိုနေရာပေါ်တွင် ပျံဝဲနေသည်ကို ပြသထားသည်။ လူမှုမီဒီယာတွင် ပျံ့နှံ့နေသည့် ထိတ်လန့်ဖွယ် ဗီဒီယိုဖိုင်တစ်ခုတွင် လက်နက်ကိုင်ရဲများက ကျောင်းအတွင်းရှိ ကြောက်လန့်တကြားဖြစ်နေသော ကျောင်းသားအုပ်စုတစ်စုကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေသည်ကို ပြသထားသည်။
နောက်ထပ်ဗီဒီယိုတစ်ခုတွင် ကြောက်လန့်နေသော ကျောင်းသားများက အခန်းပြတင်းပေါက်မှ ကြည့်နေစဉ် သေနတ်သံများကြားရသည့် အခိုက်အတန့်ကို ပြသထားသည်။ Krone သတင်းစာကမူ သေနတ်သံများကြားရပြီးနောက် ကျောင်းသားများနှင့်အတူ အခန်းထဲတွင် ပိတ်မိနေခဲ့ရပုံကို ပြောပြသည့် ကျောင်းမှ ဆရာတစ်ဦးနှင့် စကားပြောခဲ့သည်ကို ဖော်ပြခဲ့သည်။

ဩစတြီးယားအစိုးရကလည်း ပစ်ခတ်မှုအပေါ် ချက်ချင်းတုံ့ပြန်ခဲ့ပြီး ဝန်ကြီးချုပ် Christian Stocker သည် ၎င်း၏ ယနေ့ချိန်းဆိုမှုများကို ဖျက်သိမ်းခဲ့ကာ ပြည်ထဲရေးနှင့် ပညာရေးဝန်ကြီးများသည် ဂရက်ဇ်သို့ သွားရောက်နေကြသည်ဟု သိရသည်။
ဂရက်ဇ်မြို့တော်ဝန် Kahr က ထိုဖြစ်ရပ်ကို ‘ကြောက်မက်ဖွယ်ကောင်းသော ကြေကွဲစရာ’ ဟု ခေါ်ဆိုခဲ့သလို “အရေးပေါ်အဖွဲ့အစည်းအားလုံး သတိထားဆောင်ရွက်နေကြပါတယ်။ ကလေးတွေနဲ့ ဆရာတွေထဲက တချို့ကို ဂရာ့ဇ်ရှိ Helmut List ခန်းမကို ပို့ဆောင်ခဲ့ပြီးဖြစ်ပါတယ်။ မိသားစုတွေ ပြန်လည်တွေ့ဆုံတာကို ASKÖ ခန်းမမှာ ပြုလုပ်နေပါတယ်။ အကျပ်အတည်း ဝင်ရောက်ဖြေရှင်းရေး အဖွဲ့ဝင်တွေ တာဝန်ထမ်းဆောင်နေပါတယ်’ ဟု ထပ်လောင်းပြောကြားခဲ့သည်။

ဂရာ့ဇ်သည် ဩစတြီးယားနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်ပြီး နိုင်ငံ၏ အရှေ့တောင်ဘက်တွင် တည်ရှိသည်။ ဤရာဇဝတ်မှုသည် ၂၀၁၅ ခုနှစ် ဇွန်လ ၂၀ ရက်နေ့တွင် ဖြစ်ပွားခဲ့သော လူသုံးဦးသေဆုံးခဲ့သည့် ဂရက်ဇ်မြို့ ပစ်ခတ်မှု ဆယ်နှစ်ပြည့် နှစ်ပတ်လည်နေ့ မတိုင်မီ အနည်းငယ်အလိုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
Ref, Mail Online, Hindustan Times