
၁၀.၆.၂၀၂၅
Written By Zun
တအာင်းဒေသတွင် TNLA အဖွဲ့ဝင် လက်နက်ကိုင်တပ်သားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ ဇွန်လ ၈ ရက် ညပိုင်းက မန်တုံမြို့နယ် မိုင်းဘော်(နမ့်ဟိုင်း) နှင့် မိုနွဲ့ကျေးရွာသွားလမ်းပေါ် TNLA လက်နက်ကိုင်တစ်ဦး ဆိုင်ကယ်စီး၍သွားလာနေစဉ် အဆိုပါ ရွာနှစ်ရွာ လမ်းခွဲတစ်နေရာ ရောက်ရှိချိန် သေနတ်ဖြင့် ပစ်သတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ သတ်ဖြတ်မှုကို ကျူးလွန်သည့်အဖွဲ့ မှာ မည်သည့်အဖွဲ့ ဖြစ်သည်ကို TNLA က စုံစမ်းနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များအရ သိရသည်။
သို့သော်လည်း တအာင်းလက်နက်ကိုင် TNLA အဖွဲ့ဝင်ကို သတ်ဖြတ်သွားသည့်အဖွဲ့မှာ ကချင်လက်နက်ကိုင် KIA အဖွဲ့က ဖြစ်ကြောင်း လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့လျက်ရှိသည်။
သေနတ်သမား၏ လက်ချက်ဖြင့် သေဆုံးသူမှာ TNLA တပ်ဖွဲ့ဝင် မိုင်းယိုင်အင်ဆိုသူ ဖြစ်သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းကလည်း ရှမ်းပြည်နယ်၊ မန်တုံမြို့နယ်တွင် KIA နှင့် TNLA တပ်ဖွဲ့ဝင်တို့အကြား နယ်မြေလုကြရာမှ တစ်ဖွဲ့နှင့်တစ်ဖွဲ့ကြား လက်သီးထိုးမှု ဖြစ်ပွားခဲ့သေးသည်။
ယင်းအပြင် KIO ၏ တိုက်နယ်ရုံးတစ်ခုကိုလည်း အင်အားအလုံးအရင်းဖြင့် ရောက်ရှိလာကာ TNLA လက်နက်ကိုင်များက KIA တပ်ဖွဲ့ ဝင်များကိုမောင်းထုတ်၍ တိုက်နယ်ရုံးကို သိမ်းယူခဲ့သည့်ဖြစ်စဉ်ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။
အလားတူ KIA တပ်ဖွဲ့ထိန်းချုပ်ထားရာ လောက်ကျယ်၊ ရော်ကျိန်းနှင့် မန်ဖန်ဂိတ်စခန်း(၃) ခု၊ မန်မောက် ကျေးရွာရှိ KIO ၏ မန်ပွန်းတိုက်နယ်ရုံးကို TNLA က အင်အားအလုံးအရင်းဖြင့် ဝင်လာပြီး KIA တပ်ဖွဲ့ဝင်များကို ရိုက်နှက်ဖမ်းဆီးကာ လက်နက်ခဲယမ်းများ သိမ်းယူခဲ့မှု ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များလည်း ရှိခဲ့ကြောင်း သိရသည်။