
၁၀. ၆. ၂၀၂၅
Written by Nyein Kyaw
ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ၁၃၈၇ ခုနှစ်၊ နယုန်လပြည့် မဟာသမယအခါတော်နေ့အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် စေတီတော်ရင်ပြင်ရှိ သတ်မှတ်နေရာများ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ပြည့်စုံလင်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဂေါပကအဖွဲ့ဝင်များနှင့် ဗုဒ္ဓဝေယျာဝစ္စအသင်းများ အကျိုးဆောင်အဖွဲ့ဝင်များ၊ ဂေါပကရုံးဝန်ထမ်းများ တက်ရောက်ခဲ့ပြီး ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဆွမ်းတော်ကြီးနှင့် ဆွမ်း၊ ပန်း၊ ရေချမ်း၊ သစ်သီး၊ ဆီမီးများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် ရွှေတိဂုံစေတီတော် ဩဝါဒါစရိယဆရာတော်ကြီးများနှင့် ပင့်သံဃာတော်များအား စေတီတော်ရှိ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်း၌ ဂေါပကအဖွဲ့ဝင်များက အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းကြပြီးနောက် နယုန်လပြည့်နေ့ (မဟာသမယအခါတော်နေ့) ရေစက်ချပွဲအခမ်းအနားကို စေတီတော်ရင်ပြင် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်း၌ ဆက်လက်ကျင်းပရာ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ ဆရာတော်ကြီးထံမှ နဝင်္ဂသီလ ခံယူကာ ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။
စေတီတော်ရင်ပြင် ချမ်းသာကြီးတန်ဆောင်းစုရပ်မှ စတင်၍ နယုန်လပြည့် မဟာသမယအခါတော်နေ့ လှည့်လည်ပူဇော်ပွဲ အခမ်းအနားကို ကျင်းပရာ မဟာသမယအခါတော်နေ့ ဖြစ်ပေါ်လာပုံအား ဖော်ကျူးသည့်အားဖြင့် ဗုဒ္ဓဝေယျာဝစ္စအသင်းအဖွဲ့များက ကပိလဝတ်နှင့် ကောလိယ နှစ်ပြည်ထောင်ကိုယ်စားပြု မင်း၊ မူးမတ်၊ အဆောင်အယောင်များဖြင့် ရာဇာဝန်းခင်းကာဂေါပကအဖွဲ့၀င်များ၊ ဗုဒ္ဓဝေယျာဝစ္စအကျိုးဆောင်များအဖွဲ့နှင့် ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ လာရောက်ဖူးမြော်ကြည်ညိုကြသည့် ဘုရားဖူးပြည်သူများက ရွှေတိဂုံစေတီတော်မြတ်ကြီးအား လက်ယာရစ်တစ်ပတ် လှည့်လည်ပူဇော်ကြသည်။
ချမ်းသာကြီးတန်ဆောင်းတွင် စိန်ရောင်ခြည်ဘုရားပင့်ဂါထာဖြင့် ဘုရားရှင်ကို ပင့်လျှောက်ထားခြင်း၊ နတ်၊ ဗြဟ္မာများကို ဖိတ်ကြားခြင်း၊ ရွှေတိဂုံဘုရားရှိခိုးဂါထာတော်ဖြင့် ရှိခိုးပူဇော်ခြင်း၊ မဟာသမယသုတ်ပါဠိတော်ကို စုပေါင်းရွတ်ဖတ်ပူဇော်ခြင်း၊ ဆုတောင်း, အမျှဝေ, သာဓုခေါ်ဆိုခြင်း၊ နတ်၊ ဗြဟ္မာများကို ပြန်လည်ပို့ဆောင်ခြင်းတို့ ပြုလုပ်ကြပြီး ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကိုရုပ်သိမ်းခဲ့ပါသည်။










