
၁၀.၆.၂၀၂၅
Written by Hey Mar
လင်မယားနှစ်ယောက် စကားများရန်ဖြစ်ရင်း ဇနီးဖြစ်သူက ခင်ပွန်းကို ပုခက်ကြိုးနဲ့ ရစ်ပတ်မိရာက သေဆုံးခဲ့တဲ့ဖြစ်စဉ် မနေ့က ဇွန်လ ၉ ရက်နေ့ ည ၈ နာရီ ဝန်းကျင်အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်မှာ ဖြစ်ပွားခဲ့တယ်လို့ ဖြစ်စဉ်ကို ရဲတပ်ဖွဲ့နဲ့ နီးစပ်သူထံကနေ သိရပါတယ်။
ဖြစ်စဉ်က ရန်ကုန်တိုင်း၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်၊ အမှတ် (၁) ရပ်ကွက်၊ ဗိုလ်တာရာလမ်းမှာ နေထိုင်တဲ့ စက်ရုံအလုပ်သမားတွေ အဆောင်က အမျိုးသမီးငယ်တစ်ဦးက လူမှုကူညီရေးအသင်းထံ အဆိပ်သောက်မိတဲ့ အရေးပေါ်လူနာရှိလို့ ကူညီပါရန် အကူအညီတောင်းကာ ဆေးရုံပို့ခိုင်းတာကြောင့် အဆိုပါလူနာကို သယ်ဆောင်ကာ လှိုင်သာယာဆေးရုံကြီးဆီ နယ်မြေခံ ပရဟိတအသင်းကားနဲ့ လိုက်ပါပို့ဆောင်ပေးခဲ့ရင်း ဆေးရုံရောက်ကတည်းက လူနာမှာအသက်ပါမလာတော့တဲ့အတွက် လိုအပ်တဲ့ ရဲလုပ်ငန်းစဉ်တွေ မှုခင်းဆရာဝန်နဲ့ သက်ဆိုင်ရာက ပူးပေါင်းဆောင်ရွက်ရာက လူသတ်မှုအဖြစ်ပေါ်ပေါက်လာတာလို့လည်း သိရပါတယ်။
“ကျွန်တော်တို့က သက်ဆိုင်ရာမပါဘဲ ရိုးရိုးသာမာန်ပဲ ထင်လို့အရင်ရောက်သွားတာပါ။ လင်မယားနှစ်ယောက် စကားများရင်း အဆိပ်သောက်မိတာလိုလို အဲ့ဒီ ဇနီးဖြစ်သူမိန်းကလေးက ပြောတာ။ သတိမလည်တဲ့အမျိုးသားက ရင်ဘက်မှာလည်းဒဏ်ရာတွေရထားတယ်။ ခြစ်ရာလိုလို ကုတ်ရာလိုလို၊ ဓားဒဏ်ရာလိုလိုပဲ။ ကျွန်တော်တို့လည်း သေချာမကြည့်ခဲ့ဘူး။ လူနာအရေးကြီးနေလို့ ဆေးရုံကို မြန်မြန်ပို့ပေးခဲ့တာ။ ဆေးရုံရောက်တော့မှ ဆရာဝန်က အလောင်းကိုစစ်တော့မှ ဖြစ်စဉ်ပေါ်တာ။ ကျွန်တော်တို့မှာ ရင်တောင်တုန်တယ်။ ကူညီချင်စိတ်နဲ့ပဲ လုပ်ပေးတာပါ။ သက်ဆိုင်ရာကလည်း ကျွန်တော်တို့ကို သတိပေးတာပေါ့။ ဒါက အမှုပတ်နိုင်တယ်ဆိုတာမျိုး” လို့ MT News က ဆက်သွယ်မေးမြန်းတာကို လူမှုကူညီရေးအသင်း တာဝန်ရှိသူက ပြန်လည်ဖြေကြားပေးပါတယ်။
သေဆုံးသူ အမျိုးသားမှာ မောင်ခက်ဆွေ (၂၆နှစ်)ဖြစ်ပြီး သေဆုံးအောင် ပြုလုပ်တဲ့ ဇနီးသည်က မယွန်းနဒီဝေ (၂၄နှစ်)လို့လည်း သိရပါတယ်။ သက်ဆိုင်ရာက ကျူးလွန်မိသူကို စစ်ဆေးတဲ့အခါ အရက်မူးရင် သွေးဆိုးတတ်တဲ့ ခင်ပွန်းဖြစ်သူနဲ့ စကားများရန်ဖြစ်ရာက အိပ်ခန်းအတွင်းက ပိုက်ပုခက်ကြိုးနဲ့ ရစ်ပတ်သတ်မိတာလို့ ဝန်ခံထွက်ဆိုသလို သက်ဆိုင်ရာကလည်း ကြိုးဖြင့်လည်ပင်းရစ်ပတ်အသတ်ခံရကြောင်း စစ်ဆေးတွေ့ရှိတာကြောင့် သေဆုံးသူရဲ့ ဇနီးဖြစ်သူ မယွန်းနဒီဝေကို လှိုင်သာယာ(အရှေ့ပိုင်း)မြို့မရဲစခန်းမှ ဖမ်းဆီးကာ စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သိရှိရပါတယ်။