
၁၀. ၆. ၂၀၂၅
Written by Nyein Kyaw
ယခု ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် နှစ်လအတွင်း ဒေါ်လာ ၃၁ ဒသမ ၈၃၇ သန်းတန်ဖိုးရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၇ ခု ခွင့်ပြုပေးနိုင်ခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) မှ သိရသည်။
ယခုဘဏ္ဍာနှစ် ဧပြီလတွင် ဒေါ်လာ ၂ ဒသမ ၈၅၄ သန်းနှင့် မေလတွင် ဒေါ်လာ ၂၈ ဒသမ ၉၈၃ သန်းခွင့်ပြုပေးခဲ့ခြင်းဖြစ်ပြီး ကုန်ထုတ်လုပ်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍနှင့် မွေးမြူရေးနှင့်ရေလုပ်ငန်းကဏ္ဍ သုံးခုတို့တွင် ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် တစ်နှစ်လျှင် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု ဒေါ်လာ ၄ ဘီလျံကျော် ခွင့်ပြုပေးနိုင်ခဲ့ရာမှ စီးပွားရေးပိတ်ဆို့မှုများကြောင့် ရင်းနှီးမြှုပ်နှံမှုများ ပြန်လည်ထွက်ခွာမှုနှင့် တုံ့ဆိုင်းမှုများဖြစ်ပေါ်ခဲ့သည့် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်မှစတင်၍ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တစ်နှစ်လျှင်ပျမ်းမျှ ဒေါ်လာ ၁ ဘီလျံနီးပါးသာ ခွင့်ပြုနိုင်ခဲ့ခြင်းလည်းဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၆၉၀ ဒသမ ၁၈၉ သန်း ခွင့်ပြုပေးနိုင်ခဲ့ပြီး ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍတွင် စုစုပေါင်းပမာဏ၏ ၅၀ ရာခိုင်နှုန်းကျော်အထိ အများဆုံးခွင့်ပြုပေးခဲ့ကြောင်း DICA မှ သိရသည်။
၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှ ၂၀၂၅ ခုနှစ် မေလကုန်အထိ ၃၇ နှစ်တာကာလအတွင်း မြန်မာနိုင်ငံအနေဖြင့် ရင်းနှီးမြှုပ်နှံမှုများ ခွင့်ပြုပေးခဲ့ရာတွင် သီလဝါအထူးစီးပွားရေးဇုန်အပါအဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၉၅ ဒသမ ၉၅၃ ဘီလျံ ခွင့်ပြုပေးထားကြောင်း DICA မှ သိရသည်။
