
၉.၆.၂၀၂၅
Translated by Htwe Ko Tun
တောင်အမေရိကတိုက်၊ ကိုလံဘီယာနိုင်ငံတွင် ဇွန်လ ၈ ရက် နံနက်ပိုင်းက လှုပ်ခတ်သွားခဲ့သော အင်အားပြင်းငလျင်ကြောင့် အဆောက်အအုံအချို့ ထိခိုက်ပြိုကျမှုများရှိခဲ့ကြောင်း သိရသည်။
ပြင်းအား ၆ ဒသမ ၃ မဂ္ဂနီကျူ့ရှိ ငလျင်က မြို့တော် ဘိုဂိုတာ၏ အရှေ့ဘက် ကီလိုမီတာ ၁၇၀(၁၀၅ မိုင်) အကွာရှိ နိုင်ငံအလယ်ပိုင်းမှ ပါရာတီဗျူနိုမြို့ကို ဗဟိုပြုလျက် အနက် ၉ ကီလိုမီတာတွင် ဒေသစံတော်ချိန် နံနက် ၈း၀၈ နာရီ၌ လှုပ်ခတ်ခဲ့ခြင်းလည်းဖြစ်သည်။
ငလျင်လှုပ်ခတ်မှုကို မြို့တော် ဘိုဂိုတာနှင့်တကွ မယ်ဒယ်လင်း၊ ကာလီနှင့် မန်နီဇာလီးစ်မြို့ကြီးများ၌ပါ သိရှိခံစားခဲ့ရသည်။ ဘိုဂိုတာမြို့တွင် အဆောက်အအုံများယိမ်းခါသွားခဲ့ကာ သတိပေးအသံများထွက်ပေါ် လာခဲ့ပြီး လူအများအပြားလမ်းများပေါ်သို့ပြေးထွက်လာသည်ကို တွေ့ကြရသည်။ အဆောက်အအုံများအတွင်း မီးလုံးမီးချောင်းများနှင့် အခြားပရိဘောဂများလှုပ်ခါရမ်းနေသည်ကို ဗီဒီယိုများရိုက်၍ လူမှုကွန်ရက်တွင် တင်လာသည်ကို တွေ့ကြရသည်။
သို့ရာတွင် ငလျင်ကြောင့် ဇွန်လ ၈ ရက်ညနေပိုင်းအထိ အသေအပျောက်စာရင်းတစ်စုံတစ်ရာမရရှိသေးဟု သိရသည်။ ဘိုဂိုတာမြို့လုံခြုံရေးဌာနကမူ အရေးပေါ်ကယ်ဆယ်ရေးလုပ်သားများက ထိခိုက်မှုရှိသူများအား လိုက်လံရှာဖွေပြီး အကူအညီများပေးနေသည်ဟုပြောခဲ့သည်။
ငလျင်ဗဟိုချက်နှင့် အနီးဆုံးမြို့ဖြစ်သော ပါရာတီဗျူနို မြို့တွင်မူ အချို့ အဆောက်အအုံများ တစ်စိတ်တစ်ပိုင်းပြိုကျခဲ့ကာ ဘုရားရှိခိုးကျောင်းတစ်ခုမှာ ကြီးမားစွာထိခိုက်ခဲ့ရသည်။ ပြည်သူအများအပြားမှာ ငလျင်လှုပ်ပြီးနောက် အဆောက်အအုံများအတွင်း ပြန်မဝင်ရဲကြဘဲ လမ်းများပေါ်တွင်သာ ရှိနေကြသည်ကို တွေ့ရသည်။
Ref- Bangkok Post



