
၉. ၆. ၂၀၂၅
Written by Nay Moe
ပဲခူးတိုင်းဒေသကြီးတွင် နွေဦးတော်လှန်ရေးဟု အမည်တပ်ကာ သာမန် လက်နက်မဲ့ပြည်သူများကိုပါ တရားလက်လွတ် သတ်ဖြတ်နေသော KNU နှင့် PDF တို့က ဇနီးမောင်နှံနှစ်ဦးအပါအဝင် လူလေးဦးကို ပစ်သတ်ခဲ့မှုဖြစ်ပွားခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
ဖြစ်စဉ်များတွင် ၂၀၂၅ ခုနှစ်၊ ဇွန် ၆ ရက် ည ၁၀ နာရီ ၁၅ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ဆားကျင်းကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ဦးအောင်အောင်(၄၀)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF လေးဦး(စိစစ်ဆဲ)က ဆိုင်ကယ်သုံးစီးဖြင့် နေအိမ်ရှေ့လမ်းမပေါ်သို့ ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဦးအောင်အောင်တွင် ကျည်ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့အပြင် ဇွန်လ ၆ ရက် ည ၁၁ နာရီ ၄၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ် ပြည်သူ့ဆေးရုံ၌ ကျည်ထိမှန်ဒဏ်ရာများဖြင့် သေဆုံးသူ အမျိုးသားတစ်ဦးနှင့် ဒဏ်ရာရရှိသူ အမျိုးသမီးတစ်ဦးတို့ ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ရွှေကျင်မြို့နယ်၊ ရှမ်းကြေးရပ်ကွက်နေ ဦးနေလင်းဦး(၄၆)နှစ်နှင့် ၎င်း၏ဇနီး ဒေါ်နွယ်နွယ်(၃၉)နှစ်တို့သည် ဝင်းခနိမ်ကျေးရွာမှ ရှမ်းကြေးရပ်ကွက်သို့ ဆိုင်ကယ်ဖြင့်ပြန်လာစဉ် ဝင်းခနိမ်ကျေးရွာအဝင် လမ်းမပေါ်အရောက်၌ အသင့်စောင့်နေသည့် KNU အဖွဲ့နှင့် PDF ပူပေါင်းအဖွဲ့ အင်အားသုံးဦးက သေနတ်ဖြင့် ပစ်ခတ်၍ ၎င်းတို့စီးနင်းလာသည့် ဆိုင်ကယ်အား လုယက်ယူဆောင်ကာ ထွက်ပြေးသွားခဲ့သဖြင့် ဦးနေလင်းဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ဒေါ်နွယ်နွယ်တွင် ကျည်ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်များအပြင် ဇွန်လ ၇ ရက် နံနက် ၁၀ နာရီတွင် ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်၊ အညာတန်းကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ကြို့ပင်ကောက်မြို့နယ်၊ ကိုင်းယားရှည်ကျေးရွာနေ ဦးစိုးရာဇာ(၄၁)နှစ်သည် အညာတန်းကျေးရွာရှိ ဦးဝင်း၏ ဈေးဆိုင်၌ရှိနေစဉ် PDF လေးဦး(စိစစ်ဆဲ)က ဆိုင်ကယ်နှစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးစိုးရာဇာတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရပြီး အထက်ပါဖြစ်စဉ်များမှ ကျူးလွန်သူများအား ဖမ်းဆီးရမိရေး တာဝန်ရှိသူများက အမှုရေးဖွင့် စုံစမ်းဖော်ထုတ်နေကြောင်း သိရသည်။

