
၉.၆.၂၀၂၅
Written by Hey Mar
ဆီဆိုင်က ဝန်ထမ်းအမျိုးသားတစ်ဦး ရုံးအဆင်း အိမ်အပြန်လမ်းမှာ ရိုက်နှက်လုယက်ခံရတဲ့ ဖြစ်စဉ် မနေ့က ဇွန်လ ၈ ရက်နေ့ သန်းခေါင်ကျော် ဇွန်လ ၉ ရက်ကူးစအချိန်မှာ ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်၊ ကမ်းနားလမ်းမပေါ် မှာ ဖြစ်ပွားခဲ့တယ်လို့ မြေပြင်အကူအညီရောက်ရှိခဲ့တဲ့ လင်းလက်လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။
ဇွန်လ ၉ ရက်နေ့ကူးတဲ့ မနက် ၁၂ နာရီ ၄၅ မိနစ် အချိန်က စက်သုံးဆီ အရောင်းဆိုင်ဝန်ထမ်း အသက် ၂၇ နှစ်အရွယ် အမျိုးသားတစ်ဦး လမ်းပေါ်မှာ သွေးထွက်ဒဏ်ရာတွေနဲ့ လဲကျနေတာကို တာဝန်သိပြည်သူ တက္ကစီယာဉ်မောင်းတစ်ဦးက ဆက်သွယ်အကြောင်းကြားလာတာကြောင့် သက်ဆိုင်ရာတာဝန်ရှိသူတွေထံ ဆက်သွယ်သတင်းပေးပြီး လင်းလက်လူမှုကူညီရေးအသင်းက သွားရောက်ကူညီရာ အမျိုးသားမှာ ဒဏ်ရာရရှိထားပြီး သတိလစ်နေတာကို တွေ့ရှိရတယ်လို့ သိရပါတယ်။
လင်းလက်လူမှုကူညီရေးအသင်းတာဝန်ရှိသူက ” လူနာကိုတွေ့တော့ သွေးထွက်ဒဏ်ရာတွေနဲ့ သတိမရဘူးဖြစ်နေတယ်။ သက်ဆိုင်ရာတာဝန်ရှိသူတွေက ယာဉ်တိုက်ခံရတာလား။ ရိုက်နှက်ခံရတာလား ကြည့်ရှုစစ်ဆေးပြီး ကျွန်မတို့ကလည်း ညွှန်ကြားချက်နဲ့မြေပြင်ပြုစုပေးတဲ့အခါ သတိလည်လာတယ်။ သူ့ကိုရိုက်လုသွားတယ်လို့ လူနာက ထွက်ဆိုနိုင်တယ်။ သတိရတစ်ချက်မရတစ်ချက်ပဲ။ ဆေးရုံအမြန်ပို့ပေးနိုင်ခဲ့ပါတယ်” လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။
ရိုက်နှက်လုယက်ခံရတဲ့ လူငယ်မှာ DENKO ဆီဆိုင်ဝန်ထမ်းဖြစ်နေတာကြောင့် သူ့ရဲ့ အလုပ်ကို အကြောင်းကြားတဲ့အခါ အလုပ်မှတာဝန်ရှိသူတွေကလည်း လိုက်လံကူညီကြပြီး မိသားစုနဲ့ဆက်သွယ်ဖို့ ဆောင်ရွက်ပေးကြတယ်လို့ သိရပါတယ်။ လင်းလက်လူမှုကူညီရေးအသင်းကပဲ သာကေတရှိ အဆိုပါ လူနာအမျိုးသား အိမ်ကို သွားရောက်အကြောင်းကြားပေးခဲ့ရာ သွေးသားနုနယ်တဲ့ မီးဖွားပြီးစ ဇနီးလည်းရှိနေတာကို တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။
“လူနာက ဦးခေါင်းပြင်းထန် ထိခိုက်၊ မျက်ခုံးကွဲထားတယ်။ သတိကောင်းကောင်းမရဘူး။ ဒီရက်ပိုင်း ရိုက်လုခံရတာ ဖြစ်စဉ် ကျွန်မသိသလောက် နှစ်ခုရှိတယ်။ ခေတ်ကာလ အခြေအနေအရ လုပ်ကိုင်ရတဲ့အခါ စောစောပြန်စေချင်တာ။ ညဉ့်နက်တဲ့ အလုပ်တွေဆိုရင်လည်း ညအိပ်စရာ စီစဉ်ပေးတာက အသက်အန္တရာယ်အတွက် စိတ်ချရတယ်။ ဒီလိုတော့မြင်ပါတယ်ရှင့် “လို့ ဖြစ်စဉ်နဲ့ ပတ်သတ်လို့ မှတ်ချက်ပြုပါတယ်။