
၉. ၆. ၂၀၂၅
Written by Nyein Kyaw
ပြည်တွင်း၌ အရည်အသွေးပြည့်မီသည့် သံ၊ သံမဏိ ထုတ်လုပ်နိုင်ရေး သတ်မှတ်ချက်နှင့် ကိုက်ညီသည့် သံစိမ်းကုန်ကြမ်းများ အရေးတကြီးလိုအပ်နေကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ယမန်နေ့တွင် ပြည်တွင်းဘိလပ်မြေစက်ရုံများနှင့် အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) သို့ သွားရောက်စစ်ဆေးစဉ် ပြောကြားသည်။
မန္တလေးငလျင်ကြီးကြောင့် လူနေအိမ်များ၊ စက်ရုံ၊ အလုပ်ရုံများ၊ လမ်း၊ တံတား၊ သာသနိကအဆောက်အအုံများ များစွာပျက်စီးဆုံးရှုံးခဲ့သည့်အတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ရမည်ဖြစ်သည်။
ထို့ကြောင့် ပြည်တွင်း၌ အရည်အသွေးပြည့်မီသည့် သံ၊ သံမဏိများ ထုတ်လုပ်နိုင်ရေး သတ်မှတ်ချက်များနှင့် ကိုက်ညီသည့် သံစိမ်းကုန်ကြမ်းများ အရေးကြီးလိုအပ်လျက်ရှိကြောင်း၊ ပြည်သူများအနေဖြင့် အရည်အသွေးပြည့်ဝသည့် ဆောက်လုပ်ရေးလုပ်ငန်းသုံး သံနှင့် သံမဏိများ အသုံးပြုနိုင်ရေးအတွက် သံစိမ်းထုတ်လုပ်ခြင်းလုပ်ငန်းများ အမြန်ဆုံးစတင်ဆောင်ရွက်နိုင်ရေး ကြိုးစားဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးသည် ရှမ်းပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်နှင့်အတူ ရှမ်းပြည်နယ် တောင်ကြီးမြို့နယ်ရှိ အမှတ်(၂) သံမဏိစက်ရုံ (ပင်းပက်) ၌ စက်ရုံတည်ဆောက်ရေးစီမံကိန်းမှ တာဝန်ရှိသူများနှင့် လည်းကောင်း၊ အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) နှင့် ရှမ်းပြည်နယ်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတို့မှ ဝန်ထမ်းများနှင့်လည်းကောင်း၊ စက်ရုံမှူး၊ ရှမ်းပြည်နယ် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှူး၊ အလုပ်ရုံတာဝန်ခံများနှင့်လည်း သီးခြားစီတွေ့ဆုံခဲ့သည်။