၉. ၆. ၂၀၂၅
Written by Nyein Kyaw
ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်ရှိ သုခဒဂုံပြည်သူ့အငှားအိမ်ရာမှ ထပ်မံပြီးစီးသည့် တိုက် ၄ လုံးကို မကြာမီ မဲနှိုက်နေရာချထားပေးမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ အသိပေးကြေညာထားသည်။
သုခဒဂုံအိမ်ရာအတွင်း တိုက်ခန်းနှင့် ဆိုင်ခန်းများကို ဝယ်ယူခွင့်ရမည်ဆိုပြီး လိမ်လည်သူများ၊ တိုက်ခန်းငှားရမ်းခွင့်ရမည်ပြောပြီး လိမ်ညာသူများရှိနေပါသဖြင့် ပြည်သူများအနေဖြင့် လိမ်ညာမခံရအောင် သတိပြုကြရန်လည်း အသိပေးထားသည်။
ထို့ကြောင့် ယခုထပ်မံပြီးစီးသည့် တိုက် ၄ လုံးအတွက် မဲနှိုက်ခွင့်ရှိသည့်မြို့နယ်နှင့် ဌာနဆိုင်ရာအမည်များကို ဇွန်လ ၁၀ (မနက်ဖြန်) တွင် ထပ်မံကြေညာပေးမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။
သုခဒဂုံအိမ်ရာသည် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၊ အမှတ် (၂) လမ်းမကြီးနှင့် ရန်ကုန်မြို့ပတ်လမ်းမကြီး လမ်းဆုံအနီးတွင် အကောင်အထည်ဖော် တည်ဆောက်ထားသည့် ပြည်သူ့အငှားအိမ်ရာဖြစ်သည်။
မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၄ ခုနှစ်အတွင်း ထုတ်ပြန်ထားမှုအရ တစ်လငှားရမ်းခနှုန်းထားများမှာ ပထမထပ် ၆၇,၀၀၀ ကျပ်၊ ဒုတိယထပ် ၆၀,၀၀၀ ကျပ်၊ တတိယထပ် ၅၅,၀၀၀ ကျပ်နှင့် စတုတ္ထထပ် ၄၆,၀၀၀ ကျပ်ဖြစ်ကြောင်း သိရသည်။

