၉. ၆. ၂၀၂၅
Translated by Thettant
မလေးရှားနိုင်ငံမြောက်ပိုင်း၊ ပီရက်ပြည်နယ်၊ ဂီရက်မြို့တွင် ဇွန်လ ၉ ရက်ကူးစ တနင်္လာနေ့အစောပိုင်းက နိုင်ငံ၏သမိုင်းတစ်လျှောက် အဆိုးရွားဆုံး ယာဉ်တိုက်မှုတစ်ခုအဖြစ် တက္ကသိုလ်ကျောင်းသားများ လိုက်ပါလာသော ဘတ်စ်ကားတစ်စီးသည် ဗင်ကားတစ်စီးနှင့် တိုက်မိသဖြင့် အနည်းဆုံး လူ ၁၅ ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်း ကယ်ဆယ်ရေးဝန်ဆောင်မှုများက ပြောကြားခဲ့သည်။
အဆိုပါဖြစ်စဉ်မှာ ဇွန်လ ၉ ရက် နံနက် ၁ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကွာလာလမ်ပူမြောက်ပိုင်းရှိ Sultan Idris ပညာရေးတက္ကသိုလ်မှ ကျောင်းသားများကို တင်ဆောင်လာသည့် ဘတ်စ်ကားက ထိုင်း-မလေးရှား နယ်စပ်အနီး အရှေ့-အနောက် အဝေးပြေးလမ်းမကြီးပေါ်တွင် ဗင်ကားနှင့် တိုက်မိခဲ့ရာမှ အခင်းနေရာတွင် လူ ၁၃ ဦးသေဆုံးပြီး နှစ်ဦးမှာ ဆေးရုံတွင် သေဆုံးကာ ၃၁ ဦး ဒဏ်ရာရခဲ့သည်။ သေဆုံးသူ ၁၅ ဦးအနက် ၁၄ ဦးမှာ တက္ကသိုလ်ကျောင်းသားများဖြစ်ပြီး အသက် ၂၁ နှစ်မှ ၂၃ နှစ်အရွယ် လူငယ်များဖြစ်ကာ တစ်ဦးမှာ ဘတ်စ်ကားဝန်ထမ်းဖြစ်သည်။ ထို့အပြင် ဒဏ်ရာရသူ ခုနစ်ဦးမှာ စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေသည်။
“ဘတ်စ်ကားက တိမ်းမှောက်ပြီး ဗင်ကားက ရေမြောင်းထဲ ထိုးကျသွားပါတယ်” ဟု ပီရတ်ပြည်နယ် သဘာဝဘေး စီမံခန့်ခွဲရေးအာဏာပိုင်အဖွဲ့က ပြောကြားခဲ့သည်။ ထို့အပြင် “တချို့လူတွေက သူတို့ဘာသာ ထွက်လာနိုင်ခဲ့ကြပြီး တချို့ကတော့ လွင့်စင်သွားကြသလို တချို့ကတော့ ဘတ်စ်ကားထဲမှာ ပိတ်မိနေတုန်းပါပဲ” ဟု ထုတ်ပြန်ချက်တွင် ဖြည့်စွက်ထားသည်။
ဆက်လက်လုပ်ဆောင်နေဆဲ ကယ်ဆယ်ရေးဝန်ဆောင်မှု ပေးအပ်နေသူများက ဘတ်စ်ကားထဲမှ သေဆုံးသူအချို့ကို ကယ်ဆယ်ရန် ဟိုက်ဒရောလစ် ဖြတ်တောက်စက် လိုအပ်ကြောင်း ပြောကြားခဲ့သည်။ အခြေအနေသည် ရှုပ်ထွေနေးပြီး ကယ်မထုတ်နိုင်သေးသည့် ဘတ်စ်ကားအတွင်းမှ ကျောင်းသားများက အော်ဟစ်အကူအညီတောင်းခံနေသည်ဟုလည်း မလေးရှားဒေသတွင်း သတင်းများက ဖော်ပြကြသည်။
“ဘတ်စ်ကားက ထိန်းချုပ်မှုပြတ်တောက်သွားပြီး ဗန်ကားကို နောက်က ဝင်တိုက်လိုက်ပုံရပါတယ်”ဟု ပီရက်ပြည်နယ်ရဲချုပ် ဟီဆမ်နော်ဒင်က ပြောကြားခဲ့ပြီး လူ၏ ချို့ယွင်းချက် သို့မဟုတ် စက်၏ ချို့ယွင်းချက် ဟုတ်မဟုတ်ကို စုံစမ်းအဖြေထုတ်နေသည်ဟုလည်း ပြောကြားခဲ့သည်။
မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က ကျောင်းသားများစွာသေဆုံးရမှုဖြစ်ရပ်အပေါ် ဝမ်းနည်းကြောင်း ပြောကြားခဲ့ပြီး၊ သေဆုံးသူများ၏ မိသားစုများကို ကူညီရန် အဆင့်မြင့်ပညာရေးဝန်ကြီးဌာနသို ညွှန်ကြားခဲ့သည်။
အစိုးရ၏အချက်အလက်များအရ မလေးရှားနိုင်ငံသည် လမ်းဘေးကင်းလုံခြုံရေးအတွက် ကြာရှည်စွာ ရုန်းကန်ခဲ့ရပြီး တစ်ရက်လျှင် ယာဉ်တိုက်မှုကြောင့် ပျမ်းမျှ ၁၈ ဦး သေဆုံးနေသည်။ East-West Highway သည် တောရိုင်းတိရစ္ဆာန်များ ဖြတ်သန်းသွားလာမှု မကြာခဏရှိခြင်းနှင့် ကျဉ်းမြောင်းသောအပိုင်းများကြောင့် မတော်တဆမှုများ ဖြစ်ပွားလေ့ရှိသည့်အတွက် နာမည်ဆိုးဖြင့် ကျော်ကြားသည်။
ယခုမတော်တဆမှုသည် ၂၀၁၃ ခုနှစ်က ကွာလာလမ်ပူအနီး ချောက်ထဲသို အမြန်ဘတ်စ်ကားတစ်စီး ထိုးကျခဲ့ရာ လူ ၃၇ ဦး သေဆုံးပြီးနောက်ပိုင်း နိုင်ငံအတွင်း ဘတ်စ်ကားနှင့် ပတ်သက်သည့် အဆိုးဆုံးကြေကွဲဖွယ်ရာ ဖြစ်ရပ်တစ်ခုလည်း ဖြစ်ခဲ့သည်။
Ref ,AFP & mathrubhumi









