၉.၆.၂၀၂၅
Translated by Htwe Ko Tun
ထိုင်းနဲ့ ကမ္ဘောဒီးယားနှစ်နိင်ငံနယ်စပ်မှာ နှစ်နိုင်ငံ ပိုင်နက်အငြင်းပွားမှုတစ်ရပ်နောက်ပိုင်း တင်းမာလာနေတဲ့ ပဋိပက္ခအခြေအနေကို လျော့ကျစေဖို့ နယ်စပ်ဒေသမှာရှိနေကြတဲ့ နှစ်နိုင်ငံတပ်ဖွဲ့တွေကို မူလက သဘောတူသတ်မှတ်ထားတဲ့နေရာတွေမှာ ပြန်လည်နေရာချထားဖို့ နှစ်နိုင်ငံသဘောတူညီခဲ့ကြတယ်လို့ ထိုင်းနိုင်ငံဝန်ကြီးချုပ် ပေတုံတန် ရှင်နာဝပ်ထရာက ဇွန်လ ၈ ရက်မှာ ပြောခဲ့ပါတယ်။
ဝန်ကြီးချုပ် ပေတုံတန်က X လူမှုကွန်ရက်မှာ ရေးသားခဲ့ရာမှာ ကမ္ဘောဒီးယားအစိုးရနဲ့ သူ့ရဲ့ဆွေးနွေးမှုတို့က အပြုသဘောဆောင်တဲ့ ရလဒ်ကိုဖြစ်စေခဲ့တယ်လို့ ဆိုပါတယ်။ နှစ်ဖက်စလုံးက တင်းမာမှုတွေ လျော့ကျစေဖို့ ပဋိပက္ခနယ်မြေအတွင်းတပ်ချထားမှုတွေကို ပြန်လည်ပြင်ဆင်ပြောင်းရွှေ့ကြဖို့ သဘောတူခဲ့ကြပါတယ်။
ဒါ့ပြင် ထိုင်းနဲ့ ကမ္ဘောဒီးယားအကြား အဆင့်တိုင်းရဲ့ ဆွေးနွေးမှုတွေမှာလည်း နှစ်နိုင်ငံကြားဆက်ဆံရေးကို ပုံမှန်အခြေအနေကို ဖြစ်နိုင်သမျှ အမြန်ဆုံးပြန်လည်ရောက်ရှိစေဖို့ ညှိနှိုင်းခဲ့ကြတယ်လို့ ပေတုံတန်က ပြောပါတယ်။ သီးခြားကြေညာချက်တစ်ရပ်မှာတော့ ထိုင်းနဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံတပ်ဖွဲ့တွေဟာ အရင်သဘောတူခဲ့ကြတဲ့ ၂၀၂၄ ခုနှစ်နေရာတွေမှာ ပြန်လည်နေရာချထားမယ်လို့ ထိုင်းဝန်ကြီးချုပ် ပေတုံတန်နဲ့ ကာကွယ်ရေးဝန်ကြီး ဖွမ်သမ်ဝီချာရာချိုင်းတို့က အတည်ပြုခဲ့ကြပါတယ်။
ဖွမ်သမ်က အဆင့်တိုင်းမှာ လက်ရှိညှိနှိုင်းမှုတွေက တင်းမာမှုတွေလျော့ကျဖို့ အကူအညီဖြစ်ခဲ့ပြီး နှစ်နိုင်ငံစလုံးက ပဋိပက္ခလျော့ပါးရေးနဲ့ ထိပ်တိုက်တွေ့ဆုံမှုရှောင်ရှားရေးကိုဆောင်ရွက်သွားမယ်လို့ ပြောခဲ့ပါတယ်။
ဒီအတောအတွင်း ကမ္ဘောဒီးယားနိုင်ငံသမ္မတ ဆမ်ဒက်တက်ကို ဟွန်ဆန်က ထိုင်းနဲ့ လက်ရှိ ပဋိပက္ခဖြစ် ပွားနေတဲ့နယ်မြေတွေမှာ အကြီးစားတိုက်ပွဲကြီးတွေကို ရှောင်ရှားနိုင်ဖို့ နှစ်ဖက်စစ်အင်အားတွေချိန်ညှိကြဖို့ မရှိမဖြစ်လိုတယ်လို့ ဇွန်လ ၈ ရက်ညမှာ ပြောခဲ့ပါတယ်။ သူကနှစ်ဖက်တပ်မှူးတွေအနေနဲ့ အကြီးစားတိုက်ပွဲကြီးတွေရှောင်ရှားနိုင်ဖို့ အပြန်အလှန်နားလည်မှုနဲ့ ပဋိပက္ခနယ်မြေအတွင်း စစ်အင်အား ချိန်ညှိကြရမယ်လို့ ဆိုခဲ့ပါတယ်။
ထိုင်းနဲ့ ကမ္ဘောဒီးယားတပ်ဖွဲ့ဝင်တွေဟာ နှစ်နိုင်ငံအငြင်းပွားနေတဲ့ နယ်စပ်မှာ မေလ ၂၈ ရက်က အပြန်အလှန် ပစ်ခတ်မှုတွေဖြစ်ခဲ့ကြပြီး ကမ္ဘောဒီးယားစစ်သားတစ်ဦး ကျဆုံးခဲ့ပြီးနောက် နှစ်ဖက်တင်းမာလာခဲ့ကြတာပါ။
Ref- Xinhua
