◾ မြန်မာနိုင်ငံသားယာဉ်မောင်းလည်း ဒဏ်ရာပြင်းထန်စွာရရှိ၍ အသက်အန္တရာယ်စိုးရိမ်ရဟု ဆို
၉.၆.၂၀၂၅
Written By Zun
ယာဉ်တိုက်မှုကြောင့် မြန်မာအမျိုးသမီးတစ်ဦးသေဆုံးကာ ကလေးငယ်များအပါအဝင် ၆ ဦးဒဏ်ရာရရှိမှု ထိုင်းနိုင်ငံတွင် ယမန်နေ့ ဇွန်လ ၈ ရက် ညက ဖြစ်ပွားခဲ့ကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။
ဖြစ်စဥ်မှာ ထိုင်းနိုင်ငံ၊ လာ့ခ်ျဘူရီခရိုင်၊ မူယန်င်မြို့နယ်၊ ဒွန်လဲ့ကျေးရွာအနီး၊ လိယတ်ခလောင်ချွန်ပရထာန်လမ်းမကြီးပေါ်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ အဆိုပါရာနေရာသို့ ထိုင်းရဲတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ကြရာ ထိုင်းအမျိုးသားမောင်းနှင်လာသည့် Isuzu အမျိုးအစားပစ်ကပ်ကားနှင့် မြန်မာနိုင်ငံသား ကိုဇော်မျိုးမောင်းနှင်သော Toyota Sedan ကားတို့ တိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယာဉ်တိုက်မှုကြောင့် ထိုင်းနိုင်ငံသားမောင်းနှင်သည့်ကားမှ ယာဉ်မောင်းအမျိုးသား အပါအဝင် အသက် ၂၉ အရွယ် ထိုင်းနိုင်ငံသူ ၁ ဦးနှင့် အသက် ၁၂ နှစ်အရွယ် ကလေးငယ် (၁) ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကာ မြန်မာနိုင်ငံသားမောင်းနှင်သည့် ကားမှ အသက် ၂၉ နှစ်အရွယ်ရှိ မလွင်မာဆိုသည့် အမျိုးသမီးသေဆုံးခဲ့ပြီး ယာဉ်မောင်း ကိုဇော်မျိုးနှင့် ကလေးငယ် ၂ ဦးတို့ ဒဏ်ရာရရှိခဲ့ကာ မြန်မာနိုင်ငံသား ကိုဇော်မျိုး ရရှိသော ဒဏ်ရာမှာ ပြင်းထန်၍ စိုးရိမ်ရကြောင်း သိရသည်။
အဆိုပါ ယာဉ်မတော်တဆမှုကြောင့် သေဆုံးခဲ့ရသော မလွင်မာ၏ ရုပ်အလောင်းနှင့် ဒဏ်ရာရသူများအား လာ့ခ်ျဘူရီ ဆေး ရုံကြီးအရေးပေါ်ဌာနသို့ ဒေသတွင်း လူမှုကူညီရေးအဖွဲ့များက ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။




