၉. ၆. ၂၀၂၅
Written by Nay Moe
လုံခြုံရေးပူးပေါင်းတပ်ဖွဲ့က ယာဉ်စစ်နေချိန် KNU နှင့် PDF မိုင်းခွဲတိုက်ခိုက်သဖြင့် အပြစ်မဲ့ပြည်သူတစ်ဦးသေဆုံးပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးအပါအဝင် လေးဦးဒဏ်ရာရရှိမှု ဘီးလင်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ ဇွန် ၅ ရက် ည ၇ နာရီ ၁၅ မိနစ်တွင် ဘီးလင်းမြို့နယ်၊ ကော့ကဒွတ်ကျေးရွာလမ်းဆုံ၌ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ယာဉ်စစ်ပိတ်ဆို့ ဆောင်ရွက်နေစဉ် အဆိုပါနေရာနှင့် မီတာ ၁၀၀ ခန့်အကွာ လမ်းဘေးထန်းပင်အနီးမှ KNU နှင့် PDF ပူးပေါင်းအဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။
အဆိုပါ ပေါက်ကွဲမှုကြောင့် တောင်စွန်းမြို့မှ ဘီးလင်းမြို့သို့ ဆိုင်ကယ်ဖြင့် ဖြတ်သန်းသွားလာသည့် တောင်စွန်းကျေးရွာနေ ဦးဇော်ဟိန်းအောင်(၅၂)နှစ်တွင် ဒဏ်ရာများရရှိကာ သေဆုံးခဲ့ပြီး ဇုတ်သုတ်ကျေးရွာနေ ဦးဟိန်းလင်းစိုး(၂၈)နှစ်၊ ဦးအောင်ကျော်ဆန်း(၃၂)နှစ်၊ ဦးနိုင်လင်းဦး(၂၈)နှစ်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးတို့တွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည့်အပြင် ရွှေပေါက္ကံမြို့နေ ဦးတင်ထွေးဦး(၅၈)နှစ် မောင်းနှင်လာသည့် မော်တော်ယာဉ်၏ ရှေ့လေကာမှန်၊ ဘေးလေကာမှန်များ ကွဲကြေကာ ယာဉ်၏ဝဲဘက်ခြမ်း မိုင်းစထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။
ထို့အတူ ဇွန်လ ၅ ရက် ညနေ ၄ နာရီ ၁၀ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ သင်တောကျေးရွာမှ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သင်တောကျေးရွာ၏ တောင်ဘက်ရှိ တောအုပ်အတွင်း မျောခုတ်နေစဉ် PDF များ ထောင်ထားသည့် လက်လုပ်တိုက်မိုင်း တစ်လုံးအား တိုက်မိပေါက်ကွဲခဲ့သဖြင့် လုံခြုံရေးအဖွဲ့မှ ပြည်သူ့စစ်အဖွဲ့ဝင် ဦးအောင်ဆန်းဦး(၂၅)နှစ်နှင့် ဦးပိုင်ဦး(၂၈)နှစ်တို့ နှစ်ဦးတွင် မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။


