
◾ ကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူး ဂါဗင်နျူဆမ်က ပြည်နယ်အုပ်ချုပ်ရေးမှူးသဘောတူညီချက်မရယူဘဲ အမျိုးသားအစောင့်တပ်ဖွဲ့များချထား၍ ထရန့်အစိုးရကိုတရားစွဲမည်ဟု ဆို
၉.၆.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လောစ်အိန်ဂျယ်လ်မြို့မှာ ဇွန်လ ၆ ရက် သောကြာနေ့က စတင်ခဲ့တဲ့ ဆန္ဒပြမှုတွေကို သမ္မတ ဒေါ်နယ်ထရန့်က အမျိုးသားအစောင့်တပ်ဖွဲ့ဝင် ၂,၀၀၀ စေလွှတ်ကာ နှိမ်နင်းစေခဲ့ပေမယ့် ဆန္ဒပြအကြမ်းဖက်မှုတွေက ဇွန်လ ၈ ရက်မှာတော့ တတိယမြောက်နေ့အဖြစ် ဆက်လက်ဖြစ်ပွားနေဆဲဖြစ်တယ်လို့ သိရပါတယ်။
သမ္မတထရန့်က အမေရိကန်နိုင်ငံအတွင်း တရားမဝင်နိုင်ငံခြားသားတွေကို ပြန်ပို့ဖို့ ဆောင်ရွက်နေတာနဲ့အတူ လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန်ဌာန(ICE)က အရာရှိတွေက လော့စ်အိန်ဂျယ်လ်မြို့တစ်ဝန်းမှာ နေရာအတော်များများကို ဝင်ရောက်စီးနင်းပြီး လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့မညီဘဲ အမေရိကန်အတွင်းရောက်ရှိနေထိုင်သူတွေကို ဖမ်းဆီးခဲ့ပါတယ်။
ဒီလို လူအများအပြားကို ဖမ်းဆီးခဲ့မှုက ဇွန်လ ၆ ရက် ဆန္ဒပြမှုတွေကို စတင်ဖြစ်ပွားစေခဲ့တာဖြစ်ပြီး လော့စ်အိန်ဂျယ်လ်ရဲတပ်ဖွဲ့နဲ့ ဆန္ဒပြသူတွေထိပ်တိုက်တွေ့ကြရုံမက အမျိုးသားအစောင့်တပ်ဖွဲ့ဝင်တွေပါ ဇွန်လ ၈ ရက် နံနက်မှာ လော့စ်အိန်ဂျယ်လ် နယ်မြေကို ရောက်ရှိပါဝင်လာကြတာပါ။
ဆန္ဒပြပွဲ တတိယမြောက်နေ့အဖြစ် ဥပဒေစိုးမိုးရေးတပ်ဖွဲ့တွေနဲ့ ဆန္ဒပြသမားတွေအကြား ထိတွေ့မှုတွေ ဖြစ်ခဲ့ကြရာမှာတော့ မျက်ရည်ယိုဗုံးတွေ၊ ငရုတ်ကောင်းဆေးဖြန်းဘူးကိရိယာတွေ၊ ရေပန်းတွေ၊ ပလတ်စတစ်ကျည်ဆံတွေ သာမက ကိုယ်ထိလက်ရောက် တိုက်ခိုက်မှုတွေနဲ့ပါ နှိမ်နင်းမှုတွေပြုလာတာတွေ့နေရပါတယ်။
ဆန္ဒပြသမားတွေက မီးရှုးမီးပန်းတွေ၊ တခြားအရာတွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေကို ပစ်လွှတ်တိုက်ခိုက်ခဲ့ကြပါတယ်။ လော့စ်အိန်ဂျယ်လ်မြို့ လမ်းတွေပေါ်မှာ ဆန္ဒပြသမားတွေက ကားတချို့ကို မီးရှို့မှုတွေဖြစ်ပွားခဲ့သလို စတိုးဆိုင်တချို့ကို ဝင်ရောက်ဖောက်ထွင်းကာ ပစ္စည်းတွေကို လုယူမှုတွေဖြစ်ခဲ့ပါတယ်။
ကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူး ဂါဗင် နျူဆမ်နဲ့ လောစ်အိန်ဂျယ်လ်မြို့တော်ဝန် ကာရင်ဘာ့စ်တို့ကတော့ပြည်နယ်အုပ်ချုပ်ရေးမှူးကို လုံးဝပြောကြားခြင်းမရှိဘဲ ခုလို အမျိုးသားအစောင့်တပ်ဖွဲ့ဝင်တွေကို လောစ်အိန်ဂျယ်လ်မြို့ ဆန္ဒပြပွဲမှာနှိမ်နင်းဖို့စေလွှတ်တာက ဆူပူအုံကြွမှုဖြစ်အောင်လှုံ့ဆော်တာပဲလို့ ပြောခဲ့ကြပါတယ်။ ဂါဗင်နျူဆမ်က ဒီအတွက် ထရန့်အစိုးရကို အမှုဖွင့်တရားစွဲမယ်လို့ ဆိုခဲ့ပါသေးတယ်။
အခုအခါမှာတော့ လော့စ်အိန်ဂျယ်လ်ဆန္ဒပြမှုကိုထောက်ခံတဲ့ ဆန္ဒပြမှုတွေက အမေရိကန်ပြည်ထောင်စုရဲ့ တခြားမြို့ကြီးတွေမှာ ပျံ့နှံ့ဖြစ်ပွားမှုတွေရှိလာသလို ပြည်နယ် ၅၀ စလုံးမှာ ဆန္ဒပြမှုတွေပြုလုပ်သွားဖို့ကြွေးကြော်သံတွေကိုပါ ကြားလာရပါတယ်။
Ref- NPR, CNN
