
၅ .၆ .၂၀၂၅
Written by Hey Mar
ပဲခူးမြို့က ဆယ်ကျော်သက်ကလေးငယ် ပြန်ပေးဆွဲ သတ်ဖြတ်သူတွေက တစ်ဦးဖြစ်တဲ့ အဓိက တရားခံ နိုင်အောင်ဖြိုးဆိုသူမှာ ပဲခူးမြို့ အမှတ် (၂)ရဲစခန်းရဲ့ အချုပ်ခန်းအတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ မေလကုန်ပိုင်းက သေဆုံးခဲ့တယ်လို့ အမှတ် (၂)နယ်မြေ ရဲစခန်းမှ ရဲအုပ် ဗိုလ်ဗိုလ်ဟန်က MT News ကို အတည်ပြုပါတယ်။
ဆိုရှယ်မီဒီယာတွေမှာ ပျံ့နှံ့နေသလို ရဲတွေစစ်ဆေးမေးမြန်းစဉ် လက်လွန်သေဆုံးတယ်ဆိုတာမျိုး မဟုတ်မှန်ဘဲ ဖြစ်စဉ်အခြေအနေကို ပဲခူးမြို့ ဆေးရုံနဲ့ ဆေးရုံက လူနာမျက်မြင်လူနာတချို့အပြင် နိုင်အောင်ဖြိုးနဲ့ အတူ ဖမ်းဆီးခံထားရတဲ့ အဓိကတရားခံ အစ်ကိုဝမ်းကွဲဖြစ်သူ အောင်ကျော်ဇော (ခ) ကျော်ကြီးဆိုတို့ မျက်မြင်ရှိတယ်လို့ ဆိုပါတယ်။
ရဲအုပ် ဗိုလ်ဗိုလ်ဟန်က” ကျွန်တော်တို့ ဆေးဝါးကုသမှု စောင့်ရှောက်မှုတွေ သေချာပြုလုပ်ပေးပါတယ်။ ပထမတစ်ကြိမ် နေ့ခင်းပိုင်း ပဲခူးဆေးရုံသွားပြတော့ တာဝန်ရှိသူတွေက ဆေးဝါး ဓာတ်ဆား စတာတွေ ပေးလိုက်တယ်။ ဆေးရုံတက်ဖို့ လိုလားမေးတော့ မလိုသေးဘူး။ ပြန်ပြီး စောင့်ကြည့်ပါ။ နှလုံးကတော့ အားနည်းနေတယ် ဆိုပြီးပြောလိုက်တယ်။ အဲဒါနဲ့ စခန်းကို ပြန်လာပြီး ဆေးတိုက် စောင့်ကြည့်ပေါ့။ အဲ့ဒီအချိန် အချုပ်သားတွေ ပြောပြတာ သူက ဝမ်းက မရပ်ဘူး။ ဆက်သွားနေတုန်းပေါ့။ ည သန်းခေါင်လောက်ထိ ဝမ်းမရပ်တာနဲ့ အချုပ်သားတွေရော သူ့အကိုကရော ပြောလာတယ်။ ကူးစက်မှာလည်း စိုးရိမ်ရတာမို့ ဆေးရုံတစ်ခါပြန်ပြတယ်။ ဆေးရုံက လိုအပ်တာတွေ လုပ်ပေးပေမယ့် နဂို နှလုံးမကောင်းတဲ့ ဝေဒနာလည်းရှိနေတော့ အမောဖောက်ပြီး ဆေးရုံမှာပဲ ဆုံးတာပါ။ မနက်ဖြန်တောင် ရက်လည် ထင်တယ်” လို့ ဆက်သွယ်မေးမြန်းရာမှာ ပြန်လည်ဖြေကြားပါတယ်။
တရားခံ နိုင်အောင်ဖြိုးက ပြီးခဲ့တဲ့မေလ ၂၀ ရက်နေ့မှာ ဆယ်ကျော်သက် အလယ်ကျောင်းသား မောင်သက်နိုင်မင်းကို ပြန်ပေးဆွဲပြီး ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တဲ့ မောင်သက်နိုင်မင်းတို့ နေအိမ် ဘေးချင်းကပ်နေထိုင်သူဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးအစ ၂၀၂၁ ခုနှစ်မှာ အာဏာရှင်မောင်းထုတ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သံပုံးတီးဖို့ လှုံ့ဆော်မှုတွေထဲ ကလေးရဲ့ဖခင်က ရပ်ကွက်ထဲ သဲပုံးတီးသူတွေထဲ မပါဝင်လို့ သူက ပြဿနာရှာဖူးသူလို့ ရပ်ကွက်တွင်းနေထိုင်သူ ဒေသခံတချို့က ဆိုပါတယ်။
လွန်ခဲ့တဲ့ နှစ်နစ်ဝန်းကျင်က ရပ်ကွက်ထဲကနေ အကြောင်းမဲ့ ပျောက်သွားပြီး ပြန်ရောက်လာတဲ့ နှစ်နစ်အတွင်း ကလေးကို အခုလို ဖမ်းဆီးပြန်ပေးဆွဲကာ မိသားစုထံ ကငွေညှစ်ပြီး မိသားစုက ကလေးပျောက်တာကို သက်ဆိုင်ရာကို အသိပေးလို့ဆိုတဲ့ အကြောင်း ပြချက်နဲ့ မိသားစုထံက သတင်းကို အနီးကပ်နှိုက်ယူသိရှိကာ ကလေးကို ကြိုးတုပ် ရိုက်နှက် မြေဆီအိတ်ပတ်ပြီး လည်မျိုကိုညှစ်လို့ အသက်ရှုကြပ်သေဆုံးအောင် ပြုလုပ်သတ်ဖြတ်ခဲ့ကြောင်းလည်း ဝန်ခံထားသူဖြစ်ပါတယ်။
သေဆုံးသူ နိုင်အောင်ဖြိုးနဲ့ အတူ ပူးပေါင်းကြံစည်သူအောင်ကျော်ဇော(ခ) ကျော်ကြီးတို့နှစ်ဦးကို မောင်သက်နိုင်မင်းအပေါ် ကျုးလွန်ခဲ့တဲ့ပြစ်မှုတွေနဲ့ပတ်သက်ပြီး ပဲခူးအမှတ်(၂)နယ်မြေရဲစခန်းက (ပ)၉၄/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၆၄ တို့နဲ့ အမှုဖွင့်လှစ် စစ်ဆေးနေကာ ထပ်မံစစ်ဆေးပေါ်ပေါက်ချက်အရ ပဲခူးမြို့ မဇင်းရပ်ကွက်၊ သာယာအေး(၂)လမ်းနေ ဟိန်းလတ်(ခ)အောင်ဟိန်းဆိုသူကိုလည်း သတင်းထိန်ချန်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်မှုအတွက် ဖမ်းဆီးစစ်ဆေးနေတာလည်း ဖြစ်ပါတယ်။
ရဲအုပ် ဗိုလ်ဗိုလ်ဟန်က “အဓိက တရားခံ နှစ်ဦးမှာ တစ်ဦးက သေသွားတော့ သူ့အမှုကတော့ လုပ်ထုံး လုပ်နည်းအတိုင်း ဆက်လက်ဆောင်ရွက်မှာပါ။ နောက်နှစ်ဦးကလည်း ဆက်လက် တရားရင်ဆိုင် ဖြေရှင်းရမှာပဲပေါ့” လို့ တရားခံ အချုပ်ခန်းအတွင်း ဝမ်းရောဂါဖြစ်ပွားကာ သေဆုံးတာနဲ့ ပတ်သတ်လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။
