
၅. ၆. ၂၀၂၅
Translated by Thettant
ယနေ့ ဇွန်လ ၅ ရက်နေ့ နံနက် ၁ နာရီမတိုင်မီ အစောပိုင်းအချိန်က ထိုင်းနိုင်ငံ ဒွန်မောင်းလေဆိပ်တွင် လူဝင်မှုကြီးကြပ်ရေးရဲများက ဖမ်းဆီးပြီး ပတ္တရားမြို့မရဲစခန်းသို့ စစ်ဆေးမေးမြန်းရန် လွှဲပြောင်းပေးခဲ့သည့် အသက် ၃၈ နှစ်အရွယ် တရုတ်နိုင်ငံသားဖြစ်သော ငွေကြေးလိမ်လည်မှုသံသယတရားခံ လီကျန်းသည် ပတ္တရားရဲစခန်းတွင် ထိန်းသိမ်းထားမှု အချိန် နာရီဝက်မပြည့်မီ ကာလအတွင်း မထင်မှတ်ဘဲ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။
လီကျန်းသည် စုံစမ်းစစ်ဆေးရေးအရာရှိ အာရုံပြောင်းနေသည့် အခိုက်အတန့်ကို အခွင့်ကောင်းယူကာ ထိန်းသိမ်းရေးဌာန၏ ဒုတိယထပ်နောက်ဘက်ရှိ မှန်တံခါးကို ဖွင့်ပြီး ရဲစခန်းဘေးရှိ ဆွိုင် ၉ လမ်းသို့ ခုန်ချကာ ထွက်ပြေးခဲ့သည်။
၎င်းနောက်မှ ခုန်ချကာ လိုက်ဖမ်းသည့် ရဲအရာရှိမှာ မြေပြင်ပေါ်သို့ မျက်နှာဖြင့် ပြုတ်ကျကာ ဒဏ်ရာရရှိခဲ့ပြီး လိုက်မမီတော့ပေ။ ဤဖြစ်ရပ်ကို ထိန်းသိမ်းရေးဌာန၏ CCTV ကင်မရာများက မှတ်တမ်းတင်ထားသည်။
အဆိုပါဖြစ်ရပ် အစတွင် ဒွန်မောင်းလေဆိပ်ရှိ လူဝင်မှု ကြီးကြပ်ရေးအရာရှိများသည် ဗီယက်နမ်နိုင်ငံ ဒါနန်းသို့ ဇွန်လ ၄ ရက် ညပိုင်းတွင် ပျံသန်းမည့် လေယာဉ်ပေါ် မတက်ရောက်မီ အသက် ၃၈ နှစ်အရွယ် တရုတ်နိုင်ငံသား လီကျန်းကို ဖမ်းဆီးခဲ့ပြီး ၎င်းကို ၂၀၂၅ ခုနှစ် ဇွန်လ ၄ ရက်နေ့က ပတ္တရားခရိုင်တရားရုံးမှ လိမ်လည်မှုဖြင့် ထုတ်ပြန်ထားသော ဖမ်းဝရမ်းအရ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
ကနဦး စုံစမ်းစစ်ဆေးမှုများအရ တရားခံလီကျန်းနှင့် လိမ်လည်ခံရသူတို့သည် ယခင်က သူငယ်ချင်းများ ဖြစ်ခဲ့ကြောင်း သိရသည်။ တရားခံသည် ရင်းနှီးမြှုပ်နှံရန်အတွက် တရုတ်ယွမ်ငွေကို USDT ဒစ်ဂျစ်တယ်ငွေကြေးဖြင့် လဲလှယ်ပေးရန် နစ်နာသူအား တောင်းဆိုခဲ့သည်။နစ်နာသူသည် ဘတ် ၁ ဒသမ ၂၆ သန်းကျော်တန်ဖိုးရှိသော USDT တိုကင် ၃၈,၇၁၂ ဒသမ ၇၇ ကို ယွမ် ၁၇၈,၀၀၀ နှင့် လဲလှယ်ရန် လွှဲပြောင်းပေးခဲ့သည်။ သို့သော် တရားခံလီကျန်းသည် သဘောတူထားသည့် ယွမ်ပမာဏကို လွှဲပြောင်းပေးရန် ပျက်ကွက်ခဲ့သဖြင့် နစ်နာသူမှ ရဲတပ်ဖွဲ့ထံ ဇွန်လ ၄ ရက်တွင် တိုင်ကြားခဲ့ခြင်း ဖြစ်ပြီး ထိုနေ့ညပိုင်းတွင်ပင် လေဆိပ်၌ အဖမ်းခံခဲ့ရသည့် လီကျန်းသည် ပတ္တရားရဲစခန်းရောက်ရောက်ချင်းပင် ထွက်ပြေးလွတ်မြောက်ခဲ့ခြင်းဖြစ်သည်။
ဖြစ်စဉ်ဖြစ်ပွားပြီးနောက် ပတ္တရားမြို့မရဲစခန်းမှူး ရဲမှူး အန်နက် ဆာသွန်အယူက တရုတ်တရားခံကို လိုက်လံရှာဖွေဖမ်းဆီးရန်အတွက် စုံထောက်တပ်စိတ်များနှင့် ကင်းလှည့်အရာရှိများကို ပတ္တရားဒေသရှိ လမ်းကြောင်းအမျိုးမျိုးသို့ ဖြန့်ကျက်ပြီး ပိတ်ဆို့ရှာဖွေရန်၊ CCTV ကင်မရာများကို ထောင့်ပေါင်းစုံမှ စစ်ဆေးရန် အမိန့်ပေးခဲ့သည်။
Ref, Khaosod
