၅.၆.၂၀၂၅
Translated by Htwe Ko Tun
အိန္ဒိယနိုင်ငံ၊ ကာနာတာကာပြည်နယ်၊ ဘင်္ဂါလူရူမြို့မှာ Royal Challengers Bengaluru(RCB) ခရစ်ကတ်အသင်းက ဇွန်လ ၄ ရက်ညမှာ ကျင်းပခဲ့တဲ့ အောင်ပွဲခံအခမ်းအနားက မမျှော်လင့်ဘဲ လူအုပ်ပြိုကျမှုတစ်ရပ်ဖြစ်ခဲ့တာကြောင့် အမ်ချင်နာဆွာမီ အားကစားရုံအပြင်ဘက်မှာ လူ ၁၁ ဦးသေဆုံးပြီး ၄၇ ဦးအထိ ဒဏ်ရာရတဲ့ ကြေကွဲဖွယ်ဖြစ်ရပ်တစ်ခုအဖြစ် ပြောင်းလဲဖြစ်ပေါ်ခဲ့ရတယ်လို့ သိရပါတယ်။
ကာနာတာကာပြည်နယ်အစိုးရ ဝန်ကြီးချုပ်ဆစ်ဒါရာမေးက ဒီပွဲကို ခရစ်ကတ်အသင်းက စီစဉ်ခဲ့တာဖြစ်ပြီး ဒီလောက်များပြားတဲ့ လူအုပ်ကြီး စုဝေးတက်ရောက်လာမယ်လို့ မျှော်လင့်မထားခဲ့ကြဘူးလို့ ပြောခဲ့ပါတယ်။ RCB ပရိသတ်တွေအတွက် Indian Premier League ခေါ်တဲ့ နိုင်ငံရဲ့ ခရစ်ကတ်ပြိုင်ပွဲမှာ သူတို့အသင်းအနိုင်ရလို့ သမိုင်းဝင် အောင်ပွဲခံနေ့ အခမ်းအနားကျင်းပမယ့်ဖြစ်ရပ်က ဝမ်းနည်းပူဆွေးမှုနဲ့ နိုင်ငံရေးအရ အပြစ်တင်ပြောကြားမှုတို့နဲ့ အမှတ်အသားပြုတဲ့ ဝမ်းနည်းဖွယ်ဖြစ်ရပ်သာ ဖြစ်ခဲ့ရပါတယ်။
ဇွန်လ ၄ ရက်၊ မွန်းလွဲ ၃ နာရီအချိန်မှာ ကွင်းထဲ ပရိသတ်တွေပြည့်နေပြီဖြစ်လို့ ဂိတ်တွေကိုလည်းပိတ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ကွင်းပြင်မှာလူအုပ်က အဓိကနေရာတွေမှာ စုဝေးနေကြပြီး ကွင်းထဲကို ဝင်ရောက်ဖို့ ကြိုးစားကြရာကနေ မထိန်းနိုင်မသိမ်းနိုင်ဖြစ်ကာ မွန်းလွဲ ၃ နာရီခွဲမှာ လူအုပ်ပြိုဆင်းခဲ့တာလို့ သတင်းတွေက ဆိုပါတယ်။ ဇွန်လ ၄ ရက် ညနေအထိတော့ လူအုပ်ပြိုဆင်းမှုမှာ သေဆုံးသူ ၁၁ ဦးနဲ့ ဒဏ်ရာရသူ ၄၇ ဦးရှိခဲ့တာပါ။
လူအုပ်ပြိုကျမှုဖြစ်ပွားတယ်ဆိုတဲ့သတင်းထွက်ပေါ်လာခဲ့တာနဲ့ ပြည်နယ်အစိုးရ ဝန်ကြီးချုပ်ဆစ်ဒါရာမေးက သေဆုံးဒဏ်ရာရသူတွေအတွက် အထူးပဲ ကိုယ်ချင်းစာ စိတ်မကောင်းဖြစ်မိတယ်လို့ပြောခဲ့ပြီး လျော်ကြေးအဖြစ် သေဆုံးသူတွေရဲ့ ဆွေမျိုးတွေကို ရူပီး ၁၀ သိန်းပေးမယ်လို့ ကြေညာခဲ့ပါတယ်။
ချင်နာဆွာမီ အားကစားကွင်းမှာ လူအုပ်ပြိုကျမှုဖြစ်ခဲ့ရတဲ့အကြောင်းရင်းကို ပြည်နယ်ဝန်ကြီးချုပ်က ရှင်းပြခဲ့ရာမှာလည်း ” ပွဲက ဇွန်လ ၃ ရက် ညနေက ကစားခဲ့တာဖြစ်ပြီး အောင်ပွဲခံအခမ်းအနားကိုတော့ ဇွန်လ ၄ ရက်ညမှာ ကျင်းပဖို့ စီစဉ်ခဲ့ကြတာပါ။ ဒီလောက်များပြားတဲ့လူအုပ်ကြီးကိုလည်း မမျှော်လင့်ခဲ့ကြဘူး။ ကွင်းက လူ ၃၅,၀၀၀ ဆံ့ပေမယ့် လူနှစ်သိန်း သုံးသိန်းလောက်အထိ ရောက်လာခဲ့ကြတာပါ”လို့ ပြောခဲ့ပါတယ်။
ဆက်လက်ပြီး သူက “ဂိတ်ပေါက်တွေမှာက လူတစ်သိန်းခွဲလောက် စုဝေးနေကြတယ်။ သူတို့ကကွင်းထဲ ဝင်ရအောင် ထုနှက်နေကြပြီး နောက်ဆုံး တချို့နေရာတွေမှာ ဖောက်ထွင်းဝင်ရောက်တာတွေဖြစ်ကုန်တယ်။ ဒီလို ကွင်းထဲဝင်ခွင့်ရအောင် အတင်းကြိုးစားကြတာတွေက နောက်ဆုံး လူအုပ်ပြိုဆင်းမှုကို ဖြစ်စေခဲ့တာပဲ” လို့ ပြောခဲ့ပါတယ်။
ဝန်ကြီးချုပ်က “ကွင်းမှာ တံခါးငယ်လေးတွေလည်းရှိတယ်။ လူတွေက ဒါတွေကို ချိုးဖောက်ပြီးဝင်ကြရာမှာ နောက်ဆုံးတော့လည်း လူအုပ်ကြီး ပြိုဆင်းခဲ့ရတာပဲ။ ဘာမှ မဖြစ်ပါဘူးလို့ ကျွန်တော်မပြောလိုဘူး။ စုံစမ်းရေးက တိကျတဲ့အဖြေတွေလည်းရစေမှာပါ” လို့လည်း ပြောခဲ့ပါတယ်။
Ref- Hindustan Times



