MT News
၅. ၆. ၂၀၂၅
နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်တွင် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသွားပြီး လူနေထိုင်ခြင်းမရှိသည့် ဝန်ထမ်းအိမ်ရာများမှ လျှပ်စစ်မီးကြိုးများ ဖြတ်တောက်ခိုးယူသူ အမျိုးသားတစ်ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇွန်လ ၃ ရက် မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၅)နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသွားပြီး လူနေထိုင်ခြင်းမရှိသည့် အိမ်ရာများ၌ လှည့်ကင်းဆောင်ရွက်စဉ် ခရေအိမ်ရာ တိုက်အမှတ်(၄၄) အရောက်၌ တိုက်ပေါ်မှ အသံများကြားရသဖြင့် သွားရောက်စစ်ဆေးခဲ့ရာ အခန်းအမှတ်(၂၃) အိပ်ခန်းအတွင်းရှိ လျှပ်စစ်မီးကြိုးများအား ဖြတ်တောက်ခိုးယူနေသည့် နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ အောင်သုခကျေးရွာနေ စပတ်ထရိတ်(ခ)ကရင်(၄၅)နှစ်အား မီးကြိုးများဖြတ်တောက်ရာတွင် အသုံးပြုသည့်ပစ္စည်းများ၊ ဖြတ်တောက်ထားသော လျှပ်စစ်မီးကြိုးအလေးချိန် ၁၀ ပိဿာခန့်တို့နှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။
ထို့ကြောင့် ဝန်ထမ်းအိမ်ရာများမှ မီးကြိုးဖြတ်ခိုးသူ စပတ်ထရိတ်(ခ)ကရင်အား အမှတ်(၅)နယ်မြေရဲစခန်းက (ပ)၁၈/၂၀၂၅၊ ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးအက်ဥပဒေပုဒ်မ ၆ (၁)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
