၅.၆.၂၀၂၅
Written by Thiri
အမျိုးသားတစ်ဦး ရေတွင်းထဲပြုတ်ကျသေဆုံးနေတာ သုံးရက်မြောက် အလောင်းပေါ်လာမှ သိရှိရတဲ့ဖြစ်စဉ် ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ် လက်ယက်စမ်းကျေးရွာမှာ ဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ (သန်လျင်မြို့နယ်) ထံကနေ သိရပါတယ်။
ဖြစ်စဉ်က ဒီနေ့ ဇွန်လ ၅ ရက်နေ့ မနက် ၁၀ နာရီ ၂၅ မိနစ်အချိန်က ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ လက်ယက်စမ်းကျေးရွာ၊ ထန်းပင်ဆိပ်အမှတ်(၈)ရပ်ကွက်၊ အောင်သုခ(၂)လမ်းရှိ ရေတွင်းထဲမှာ အမျိုးသားတစ်ဦးရဲ့ ရုပ်အလောင်းတွေ့ရှိကြောင်း သတင်းရရှိတဲ့အတွက် သန်လျင်မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေက ရုပ်အလောင်းဆယ်ယူရေးလုပ်ငန်းတွေ သွားရောက်ဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ (သန်လျင်မြို့နယ်) မှ ဦးစီးမှူးက “အဲဒီ အမျိုးသားက ဘုန်းကြီးလူထွက်ပြီးတော့ သူ့အမေနဲ့ အတူနေထိုင်တယ်။ တစ်ခါတရံလည်း အရက်ကို လေးငါးရက်ဆက်ပြီး သောက်တတ်တယ်လို့ မိသားစုဝင်တွေက ပြောတယ်။ အမေက ဆူလိုက်တော့ သူက တစ်ရပ်ကွက်ထဲနေတဲ့ ဦးလေးအိမ်ကိုဆင်းပြေးတာပေါ့။ သူ သုံးလေးရက်လောက် ပျောက်နေလို့ ရှာနေကြပေမယ့် ရေတွင်းထဲ ပြုတ်ကျနေမှန်းတော့ မသိကြဘူး။ အခု မနက်အလောင်းပေါ်လာမှသာ သိကြတာပေါ့။ ရေတွင်းပျက်တော့ မဟုတ်ဘူး။ သုံးစွဲပုံရတဲ့ ရေတွင်းပဲ” လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။
သေဆုံးအမျိုးသားဟာ သက်လတ်ပိုင်းအရွယ်ဖြစ်ပြီး ရုပ်အလောင်းကို မီးသတ်တပ်ဖွဲ့က ကူညီဆယ်ယူပေးခဲ့ကာ သက်ဆိုင်ရာရဲတပ်ဖွဲ့ရဲ့ လုပ်ငန်းစဉ်တွေအပြီးမှာ သန်လျင်နာရေးကူညီမှုအသင်းမှ သူနာတင်ယာဉ်နဲ့ သန်လျင်ပြည်သူ့ဆေးရုံ ရင်ခွဲရုံဆီ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
