MT News
၄.၆.၂၀၂၅
ရွှေတိဂုံစေတီတော်မြတ်ကြီးရင်ပြင်တော်ရှိ ငြိမ်းချမ်းရေးခေါင်းလောင်းများကို နယုန်လပြည့်နေ့တွင် တစ်ပြိုင်တည်း တီးခတ်မည်ဟု ရွှေတိဂုံ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က သိရသည်။
လာမည့် ဇွန်လ ၁၀ ရက် နယုန်လပြည့်နေ့ (မဟာသမယအခါတော်နေ့)အခမ်းအနားကို ရွှေတိဂုံ စေတီတော်ရင်ပြင်တွင် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှုး၍ ယင်းနေ့ နံနက် ၅ နာရီအချိန်တွင် ဆွမ်းတော် ဆက်ကပ်လှူဒါန်းခြင်း၊ နံနက် ၆ နာရီတွင် ရွှေတိဂုံစေတီတော် ဩဝါဒါစရိယဆရာတော်ကြီးများ စောင့်ရှောက်ရေးသံဃာတော်များအား အရုဏ်ဆွမ်းနှင့် လှူဖွယ်ဝတ္ထုတို့ဆက်ကပ်လှူဒါန်းခြင်းတို့ကိုလည်း ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် နံနက် ၆ နာရီခွဲအချိန်တွင် ရင်ပြင်တော် တောင်ဘက် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်း၌ မဟာသမယအခါတော်နေ့ဆိုင်ရာ သိမှတ်ဖွယ်ရာတရားတော်များ နာကြားကာ ရေစက်သွန်းချအမျှပေးဝေ သွားကြမည်ဖြစ်ကြောင်း သိရသည်။
ယင်းနောက် နံနက် ၇ နာရီအချိန်တွင် မဟာသမယနေ့ ဖြစ်ပေါ်လာပုံကို ဖော်ကျူးသည့်အနေဖြင့် ဗုဒ္ဓဝေယျာဝစ္စ အသင်းများ၊ ဝန်ထမ်းများက ကပိလဝတ်နှင့် ကောလိယအုပ်စုနှစ်စုခွဲပြီး စေတီတော်ကြီးအား လက်ယာရစ်လှည့်လည်ပူဇော်ကာ စေတီတော်ရာဟုထောင့် ချမ်းသာကြီးတန်ဆောင်းတွင် မဟာသမယသုတ်ရွတ်ဖတ်ပူဇော်ကြမည်ဖြစ်ကြောင်းလည်း သိရသည်။
အဆိုပါ မဟာသမယသုတ်တော်အား ရွတ်ဖတ်ပူဇော်ကြပြီးနောက် ငြိမ်းချမ်းရေးအထိမ်းအမှတ်အနေဖြင့် ရင်ပြင်တော်ပေါ်ရှိ ခေါင်းလောင်းများကို တစ်ပြိုင်တည်းတီးခတ်သွားကြမည်ဖြစ်ကြောင်း သိရသည်။



