◾ အလှူခံသည့်နေရာကို ဖျက်ဆီး၍ လုပ်ဆောင်ရန် စီစဉ်နေသောကြောင့် မကျေနပ်ကြောင်းစာပေးပို့ထားသည်ကိုလည်း MNDAA က အဖက်လုပ်၍ အကြောင်းမပြန်
၄.၆.၂၀၂၅
Written By Zun
ကိုးကန့်တရုတ် လက်နက်ကိုင် MNDAA အဖွဲ့က ကွတ်ခိုင်နယ် သာသနာ့မြေတွင် စစ်ဆေးရေးဂိတ် ဆောက်လုပ်နေ၍ ဒေသခံများ မကျေနပ်ဖြစ်နေကြကြောင်း ဒေသခံများ၏ လူမှုကွန်ရက် သတင်းများအရ သိရသည်။
MNDAA က ကွတ်ခိုင်မြို့နယ်၊ မိုင်းယုလေးဒေသ ပန်ကိုင်ပန်လောအုပ်စု၊ ဟိုခိုရွာရှိ သာသနာပိုင်နယ်မြေအတွင်း စစ်ဆေးရေးဂိတ်ပြုလုပ်ရန် ပြင်ဆင်နေခြင်းကြောင့် ဒေသခံများက မကျေမနပ်ဖြစ်နေကြပြီး အဆိုပါ မကျေနပ်ချက်ကို ဒေသခံများက ကွတ်ခိုင်ရှိ MNDAA မြို့နယ်ရုံးသို့ စာပေးပို့ထားသော်လည်း MNDAA က ဒေသခံများကို အဖက်လုပ်၍ အကြောင်းမပြန်ကြောင်း သိရသည်။
“ဒီလ တစ်ရက်နေ့ကပဲ လုပ်နေတာ။ ကိုးကန့်က။အခု သူတို့ ဂိတ်ဆောက်မယ်လို့ လုပ်နေတာက ဟိုခိုရွာမှာ သာသနာအတွက် အလှူခံတဲ့နေရာ။ သာသနာ့မြေ။ ရွာကလူတွေကိုလည်း မပြောဘဲ သူတို့သဘောနဲ့ သူတို့ လုပ်ချင်တိုင်းလုပ်နေတာ။အလှူခံတဲ့နေရာကို ဖျက်ပစ်ပြီး ဆောက်ဖို့ လုပ်တာကို ရွာကလူတွေပြောလို့ အလှူခံနေရာဘေးမှာ လုပ်နေတယ်။ မသင့်တော်ဘူးလို့ အားလုံးက ပြောတယ်”ဟု ဒေသခံတစ်ဦးအား လူမှုကွန်ရက်က ဆက်သွယ်မေးမြန်းစဉ် MT News ကို ယင်းသို့ ပြောသည်။
အဆိုပါဒေသတွင် နေထိုင်သူများက ကိုးကန့်လက်နက်ကိုင်အဖွဲ့ကို လိုလားသူ နည်းပါးကြောင်း၊ လူမျိုးမတူသည်က တစ်ကြောင်း၊ ဆက်သွယ်မှု စကားမတူသည်က တစ်ကြောင်းတို့ကြောင့် ဒေသခံများက ယင်းလုပ်ရပ်ကို လုံး၀ကန့်ကွက်နေကြခြင်းဖြစ်ကြောင်းလည်း သိရသည်။
အဆိုပါ ကိုးကန့်ဂိတ်ကို ဆောက်လုပ်ခြင်းနှင့် ပတ်သက်၍ ဝိုင်းဝန်းကန့်ကွက်ပေးကြပါရန်လည်း ဒေသခံများက နှိုးဆော်အကူအညီတောင်းခံနေကြကြောင်း သိရသည်။
ကိုးကန့်အဖွဲ့အနေဖြင့် ပြီးခဲ့သည့် မေလအတွင်းကလည်း ကွတ်ခိုင်မြို့ လွယ်ဆမ်စစ်တောင်ခြေရှိ နွားခြံအနီးတွင် စစ်ဆေးရေးဂိတ် ဖွင့်လှစ်ထားကြောင်း ဒေသတွင်း သတင်းရင်းမြစ်များအရ သိရသည်။
Photo-CJ




