၄.၆.၂၀၂၅
Written by Hey Mar
ကျုံပျော်ကနေ ရန်ကုန်ကို မောင်းနှင်လာတဲ့ ခရီးသည်ယာဉ်တစ်စီး လမ်းဘေးထိုးကျကာ သစ်ပင်ကို ဝင်တိုက်မိလို့ ယာဉ်မောင်းသေဆုံးခဲ့တဲ့ဖြစ်စဉ် ဒီနေ့ ဇွန်လ ၄ ရက်နေ့ မနက် ၇ နာရီကျော်အချိန်က ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ် အပိုင်ထဲမှာ ဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဖြစ်စဉ်က ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ် သဲကုန်းကျေးရွာ၊ မိုင်တိုင်အမှတ် ၇၇ မိုင် ၇ ဖာလုံ အနီးမှာ ကျုံပျော်ကနေ ရန်ကုန်ကို ခရီးသည် ၁၁ ဦး တင်ဆောင်မောင်းနှင်လာတဲ့ ခေတ်မီ အဝေးပြေးခရီးသည်တင်ယာဉ်က သူ့ရှေ့မှ ယာဉ်ငယ်တစ်စီးကို ကျော်တက်မောင်းနှင်ရာကနေ အရှိန်လွန် စလစ်ဖြစ်ကာ ဆန့်ကျင်ဘက်လားရာ ဘက်အခြမ်းကိုထိုးကျပြီး လမ်းဘေးသစ်ပင်ကို တိုက်မိခဲ့တာလို့ မြေပြင်အကူအညီရောက်ရှိနေတဲ့ ကျောင်းကုန်းလူမှုကယ်ဆယ်ရေး အသင်းတာဝန်ရှိသူထံကနေ သိရပါတယ်။
“လက်ရှိအချိန်အထိတော့ ယာဉ်မောင်း ရုပ်အလောင်း ညပ်နေလို့ မီးသတ်တပ်ဖွဲ့က Cutter တွေနဲ့ ကားကို ဖြတ်ပြီး အလောင်းကြိုးစားထုတ်နေတုန်းပါခင်ဗျ။ တစ်ဦးသေဆုံးတာပါ။ ယာဉ်မောင်းပါ။ ခရီးသည်တွေကတော့ ပေါက်ပြဲ ပွန်းပဲ့ ဒဏ်ရာလောက်ပါပဲ။ ကျောင်းကုန်းဆေးရုံ တချို့လည်း ပို့ပေးထားတယ်။ တချို့လည်း ခရီးဆက်သွားကြတယ်”လို့ အဆိုပါအသင်းတာဝန်ရှိသူက ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေကြားပါတယ်။
အခင်းဖြစ်ပွားရာ နေရာကို ကျောင်းကုန်းမြို့နယ် မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ သွားရောက်ဆောင်ရွက်ခဲ့ကြပြီး အဆိုပါယာဉ်တိုက်မှုကြောင့် ယာဉ်မောင်း ကျားတစ်ဦးသေဆုံးကာ ယာဉ်ပေါ်ပါ ခရီးသည် ၁၁ ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) တွေ ရရှိခဲ့ကြပြီး ကျောင်းကုန်းလူမှုကယ်ဆယ်ရေး အသင်းပိုင်ယာဉ်နဲ့ ကျောင်းကုန်းပြည်သူ့ဆေးရုံဆီ ပို့ဆောင်ကူညီခဲ့တယ်လို့ သိရပါတယ်။




